ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့မဈေးကြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက်  ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

မောင်တော မတ်  ၂၀

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့မဈေးကြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယမီးသတ်ဦးစီးမှူး ဇော်ဦးလှိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ ၊ ဈေးကော်မတီအဖွဲ့တို့မှ  မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်များတွင်  မီးဘေးလုံခြုံရေး ၊ မီးကို စနစ်တကျ သုံးစွဲကြရေး ၊ မီးဘေးမပေါ့ကြစေရန်နှင့် ဈေးအတွင်း မတော်တဆ မီးလောင်မှုဖြစ်ပွားပါက ရှေးဦးစွာ မီးငြိမ်းသတ်ဆေးဘူးဖြင့်  စနစ်တကျဖြင့် မီးငြိမ်းသတ်မှုများ ၊ ဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက်  မီးချိတ်၊ မီးကပ်များ ကြံ့ခိုင်မှုရှိ/မရှိ ၊  မီးသတ်ဆေးဘူးများတွင် (လေပေါင်)ရှိ/မရှိ ၊  သဲအိတ်များ ၊ရေပုံး၊ ရေပိုက်ခေါင်းများ ၊ မီးသတ်ဆေးဘူးများအား အလွယ်အတူ အသုံးပြုနိုင်ရန် အဆင်သင့်ဆောင်ရွက်ထားရှိရေး ၊ မီးသတ်ဆေးဘူးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်စေရေး ၊ ရေစုကန်များအတွင်း ရေလုံလောက်စွာ ရှိ/မရှိ ၊ အပေါ့စားရေစုပ်အား ကောင်း/မကောင်းစစ်ဆေးပြီး ဈေးအတွင်းလှည့်လည်ကြည့်ရူစစ်ဆေး အကြုံပြုခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)