စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၂၂) တက်ရောက်

မုံရွာ မတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေးလုပ်ငန်း ညှိနှိုင်း(၂/၂၀၂၂)အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာအစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ တိုင်းဒေသကြီး/ ခရိုင်အဆင့် စိုက်ပျိုးရေး ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးဟာ စိုက်ပျိုးရေးအားဖြင့် အရေးပါတဲ့ တိုင်းဒေသကြီးဖြစ်ပြီး ဒေသတွင်းဆန်ဖူလုံမှုမှာ ပျမ်းမျှ(၁၆၅.၆၈) ရာခိုင်နှုန်း ရှိတဲ့အတွက် စပါးစိုက်ပျိုးရေးအားကောင်းသည့် တိုင်းဒေသကြီးတစ်ခု ဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးမှာ နှစ်စဉ်မိုးစပါးဧက(၁၈)သိန်း၊ နွေစပါးဧက (၃)သိန်းခန့် စုစုပေါင်း (၂၁)သိန်းကို ပုံမှန် အားဖြင့် စိုက်ပျိုးနိုင်ခဲ့တဲ့ တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးရဲ့ နွေစပါးစိုက်ပျိုးမှုမှာ ဆည်ရေရရှိမှုကို အဓိကအားထားကာ မှီခိုစိုက်ပျိုးရတာကို တွေ့ရှိရပါကြောင်း၊ ယခု ၂၀၂၁-၂၀၂၂ ခုနှစ်မှာ သဖန်းဆိပ်ဆည်အတွင်းမှာ ဆည်ရေဧကပေ (၂၄)သိန်းကျော် သိုလှောင်နိုင်တဲ့အတွက် နွေစပါး လျာထားဧက (၃၄၇,၂၀၀)ဧက လျာထားစိုက်ပျိုးခဲ့ရာမှာ ယနေ့အထိ (၆၈၀,၇၉) ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း တွေ့ရှိရပါကြောင်း၊ ကျန်ရှိနေတဲ့နွေစပါး စိုက်ဧကများကိုလည်း လျာထားချက်အတိုင်း ပြည့်မှီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေး ဝိုင်းဝန်းဆောင်ရွက် ကြဖို့ မှာကြားလိုပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ဒေသတွင်းဆီဖူလုံမှုမှာ (၄၉၉.၉၇)ရာခိုင်နှုန်း ဖြစ်ပြီး ဆီထွက်သီးနှံစိုက်ပျိုးအားကောင်းမွန်တဲ့ တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံများ စိုက်ပျိုးခဲ့ရာမှာ မြေပဲ၊ နှမ်းနှင့် နေကြာတို့ကို အဓိကထားပြီး စိုက်ပျိုးခဲ့ရာမှာ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်နည်းပြီး တစ်ဧကဆီထွက်နှုန်းလည်း မြင့်မားတဲ့ နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးသွားမှာဖြစ်ပါကြောင်း၊ ယခုနှစ် မိုးနှင့်ဆောင်း နေကြာစိုက်ပျိုးမှုမှာ (၃၅၆,၉၁၅) ဖြစ်ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်မှာ စစ်ကိုင်းတိုင်းဒေသကြီးအနေနဲ့ မိုးနေကြာ (၄၁,၄၂၆)ဧကနှင့် ဆောင်းနေကြာ (၃၅၁,)ဧက စုစု ပေါင်း (၃၉၃,၁၉၉) ဧက စိုက်ပျိုးထုတ်လုပ် သွားမှာဖြစ်ပါ၍ ထပ်မံတိုးချဲ့ စိုက်ပျိုးမည့်ဧက (၄၀၀၀၀)ခန့်အတွက် အချိန်မီ စိုက်ပျိုးပြီးစီးရေး အတွက် တာဝန်တာဝန်ရှိသူများမှ ကြိုတင်ပြင်ဆင်စီမံထားရှိရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးဧကများ လျာထားတဲ့နေရာမှာလည်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနအနေဖြင့် စိုက်ပျိုးနိုင်သည့် တောင်သူလယ်သမားများရဲ့ စာရင်းများ စိုက်ဧကစာရင်းများ အချိန်မီပြုစု ပေးနိုင်ရေးတို့ကို မိတ်ဖက်ဌာနများနှင့်အညီ ဟန်ချက်ညီစွာ ပူးပေါင်းလုပ်ဆောင်သွားရမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း မွေးမြူရေး ကဏ္ဍအနေနဲ့လည်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း နွား(၂၀,၇)သိန်း၊ ကျွဲ (၃,၆)သိန်း အပါအဝင် ဆိတ်၊ ဝက်၊ ကြက်၊ ငုံး၊ ဘဲ၊ ကြက်ဆင်၊ ဘဲငန်း၊ မန်ဒါလီစသည်ဖြင့် တိရိစ္ဆာန်မျိုးစုံ မွေးမြူထားရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူများအတွက် မျိုးကောင်းမျိုးသန့် တိရစ္ဆာန်များမွေးမြူနိုင်ရေး၊ မွေးမြူထားသည့် တိရိစ္ဆာန်များ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး၊ တိရိစ္ဆာန်အစာ စားကျက်စိုက်ခင်းများ စိုက်ပျိုးနိုင်ရေးနှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများမှလည်း စီးပွားဖြစ်မွေးမြူရေး လုပ်ငန်းများအဖြစ် ကူးပြောင်းနိုင်စေရေး ကူညီဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊  မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့်လည်း ဌာနအသီးသီးရဲ့လိုအပ်ချက်များကို ဖြည့်ဆည်း၍ တိုင်းဒေသကြီးရဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ထုတ်ကုန်များ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကူညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များမှ မိမိတို့ဌာန များအလိုက်စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်းများ  ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်လုပ်ငန်းများအား Power Point ဖြင့် ရှင်းလင်း တင်ပြကြပြီး စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်၊ ယင်းမာပင်ခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်များမှ စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ မိမိတို့ခရိုင်များအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့်ပတ်သက်၍ လည်းကောင်း၊ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်နှင့် ကလေးခရိုင်တို့မှ စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ဖြည့်စွက်တင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်းများနှင့် ပတ်သပ်၍ တင်ပြချက်များအပေါ် သုံးသပ်တင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အသီးသီးဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။ 

တိုင်းဒေသကြီး(ပြန်/ဆက်)