သထုံ မတ် ၁၉
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် ကလေးများပျော်ရွှင်စရာအစီအစဉ်များကို ယမန်နေ့ မွန်းလွဲပိုင်းက သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာနခန်းမ (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က (၇၇)နှစ်မြောက်တပ်မတော်နေ့၏ ဦးတည်ချက်များ၊ တပ်မတော်နေ့ ဖြစ်ပေါ်လာပုံ၊ တပ်မတော်၏ သမိုင်းကြောင်းနှင့် နိုင်ငံအကျိုးပြု ဆောင်ရွက်ချက်များတို့ကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့သည်။
ကလေးများပျော်ရွှင်ဖွယ်ရာအစီအစဉ်များ ကျင်းပရာတွင် မူလတန်း ကျောင်းသားကျောင်းသူ (၁၅) ဦးတို့က စကားပုံဆက်ခြင်း၊ ပန်းချီဆွဲခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ခါးကွင်းလှည့်၊ ခြေလက်ထောက်ဂိမ်းကစားခြင်း စသည်တို့ကို တပျော်တပါး ပါဝင်ကစားခဲ့ကြပြီး သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တပ်မတော်နေ့နှင့် ပတ်သတ်သည့် သိမှတ်ဖွယ်ရာ စာအုပ်စာစောင်များကို ခင်းကျင်း ပြသထားပြီး တက်ရောက်လာကြသူများကို (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အဖြစ် ထုတ်ဝေသည့် "သတင်းစကား" လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြကြောင်း သိရသည်။
ကိုကိုဦး(ပြန်/ဆက်)