လွိုင်ကော်မြို့ စက်မှုဇုန်ရှိ ဘတ္ထရီခဲကျိုစက်ရုံ မီးလောင်မှုဖြစ်ပွား

လွိုင်ကော် မတ် ၁၉

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာ၊ စက်မှုဇုန်တွင် ယနေ့နံနက် (၆)နာရီခွဲ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာ၊ စက်မှုဇုန် (၁၄)လမ်းဘေး ဘတ္ထရီခဲကျိုစက်ရုံရှိ သွပ်မိုး၊ ကွန်ကရစ်ခင်းထားသည့် အဆောက်အဦတွင် လျှပ်စစ်မိန်းခုံမှ အပူလွန်ကဲပြီး အနီးရှိ စုပုံထားသော ဘတ္ထရီအိုး အဟောင်းများအား မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မီးလောင်မှု ဖြစ်ပွားရာသို့ လွိုင်ကော်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ မီးသတ်ရေယာဉ်(၂)စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၂၅)ဦးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ အဆောက်အဦပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ လွိုင်ကော်မြို့နယ်ရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)