လှည်းကူး မတ် ၁၉
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများအား မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များကို ကြိုတင်၍ ကာကွယ်ဆောင်ရွက်နိုင်ရန်အတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပညာပေး နှိုးဆော်မှုများလုပ်ငန်းကို မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိသလို ဌာနဆိုင်ရာ ရုံးများ၊ စက်ရုံအလုပ်ရုံများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင်လည်း မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် လက်တွေ့ မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ဟောပြောပွဲနှင့်သိပညာပေး လုပ်ငန်းများဆောင်ရွက်ရာတွင် မတ်လ(၉)ရက်နေ့၊ နေ့လည်(၂) နာရီကလှည်းကူး မြို့နယ်မြို့မစျေးတွင် မီးဘေးလုံခြုံရေးဟောပြောခြင်းနှင့် မီးဘေးလုံခြုံရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့် ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများက လျှပ်စစ်ကြောင့် မီးလောင်မှုဖြစ်ပွားနိုင်သည့် အကြောင်းအရင်းများ၊ မီးလောင်မှု ဖြစ်ပွားသည့် အရေးပေါ်အခြေအနေများဖြစ်ပေါ်လာပါက လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများ၊ မီးလောင်ကျွမ်းမှု အမျိုးအစားများကို ရှင်းလင်းပြောကြားခဲ့ကာ မီးသတ်ဆေးဘူးအသုံးပြု၍ စနစ်တကျ လက်တွေ့မီးငြှိမ်းသတ်ခြင်းနည်း စနစ်များကိုလည်း ပြသဆောင်ရွက်ခဲ့ကြပြီး မီးသတ်ဆေးဘူးအသုံးပြုကာ လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သန်းသန်းစိုး