သထုံတွင် ပြည်သူများ လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေး အသိပညာပေး‌ ဆွေးနွေးပွဲ (Talk Show) ပြုလုပ်

သထုံ မတ် ၁၉

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ သထုံမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတို့ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေး အသိပညာပေး‌ ဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို အွန်လိုင်း မှတစ်ဆင့် ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး ‌သထုံမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးတင်ဆိုင်ဦးက ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားချွေတာအသုံးပြုရာ၌ ချွေတာသုံးစွဲသင့်သည့် နည်းလမ်းများဖြစ်သည့် စွမ်းအင်အသုံးပြုမှု မြင့်မားသည့် လျှပ်စစ် ပစ္စည်းများကို စွမ်းအင်အသုံးပြုမှုနည်းပါးသည့် ပစ္စည်းများဖြင့် အစားထိုးအသုံးပြုရေး၊ ပြင်ပ အလင်းရောင်ကို အသုံးပြု‌ရေး၊ အိမ်တွင်း လျှပ်စစ်မီးများကို အတတ်နိုင်ဆုံး လျှော့သုံးရေး၊  နေအိမ်တွင် မည်သူမှမရှိနေချိန်၌ မလိုအပ်သော လျှပ်စစ်အသုံး ပြုမှုအားလုံးကို ပိတ်ခြင်းဖြင့် လျှပ်စစ်ဓာတ်အားကို ချွေတာသုံးစွဲရေး၊ ကြည့်ရှုနားထောင်သူ မရှိချိန်၌ ရုပ်သံများ သီချင်းများ အချိန်ပြည့်ဖွင့်ထားခြင်းကို ဆင်ခြင်ခြင်းဖြင့် လျှပ်စစ်ဓာတ်အားချွေတာရေး၊ ညအိပ်ချိန်၌ လျှပ်စစ်မီးများ ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို နေ့စဉ်ချွေတာရေး၊ ရေပြည့်သည်နှင့် ရေတင်စက်ကို အလိုအလျောက်ရပ်စေမည့် စနစ်ကိုအသုံးပြုခြင်း၊ လေအေးပေးစက်ကို နာရီပေါင်းများစွာ ဖွင့်ထားခြင်းက လျှပ်စစ်မီတာခ ပို၍ကုန်ကျစေရာ အသုံးလိုမှ ၂၅ ဒီဂရီ စင်တီဂရိတ် ခန့်သာထားရှိ အသုံးပြုခြင်း၊ ရိုးရိုးမီးချောင်း၊ မီးလုံးများအစား Energy Save Lamp များကို ပြောင်းလဲသုံးစွဲကြခြင်း၊ လမ်းမီးများ၊ ခြံတွင်းမီးများကို နေရောင်ခြည်သုံး LED မီးစနစ် များဖြင့် အတတ်နိုင်ဆုံးအသုံးပြုကြခြင်း စသည်တို့ဖြင့် လျှပ်စစ်ဓာတ်အားကို ချွေတာ‌သုံးစွဲရေးအတွက် ဆောင်ရွက်နိုင်သည့် နည်းလမ်းများ၊ ချွေတာသုံးစွဲခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများတို့နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး လိုက်နာသင့်သည့် အချက်များတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုကိုဦး(ပြန်/ဆက်)