လိပ်သို မတ် ၁၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ယခုအချိန်ရာသီပေါ်သီးနှံတစ်ခုဖြစ်သော မရမ်းသီးများရောင်းချ၍ ဒေသခံများ မိသားစုအပိုဝင်ရရှိကြောင်း သိရသည်။ လိပ်သိုဒေသတွင် သာမိုးတောင်၊ ကော်ပတ်ခြံ၊ မြသာကုန်း အစရှိသည့်ကျေးရွာများ၌ မရမ်းသီးများထွက်ရှိပြီး ယခင်လကမရမ်းသီးအကင်း တစ်ပိဿာလျှင် (၁၂၀၀)ကျပ်၊ အလတ်စားတစ်ပိဿာလျှင် (၁၀၀၀)ကျပ်နှင့် အလုံးကြီးတစ်ပိဿာလျှင် (၈၀၀)ကျပ် ရရှိ သော်လည်း ယခုလ၌ မရမ်းသီး များလှိုင်လှိုင်ပေါလာပြီဖြစ်၍ ဈေးနှုန်းအနည်းငယ်ပြန်လည် ကျဆင်းသွားကြောင်း သိရသည်။ အဆိုပါ မရမ်းသီးများအား ဟင်းအဖြစ် မျှင်ငပိနှင့်ရော၍ ကြော်စားနိုင်သလို ပါးပါးလှီး၍ အစိမ်းလည်းသုပ်စားပြီး ထမင်းဖြင့်တွဲဖက် စားနိုင်ပါသည်။ အချို့သော ခြံပိုင်ရှင်များက အဆိုပါမရမ်းသီးများကို အစိမ်းရောင်းချခြင်းမရှိဘဲ အမှည့်ထား၍ ရင့်မှည့်လာပါက ခူး၍ ထက်ခြမ်းခွဲကာ အခြောက်လှန်းပြီး ရောင်းချကြပါသည်။ မရမ်းသီးပင်များသည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး ယခုနှစ်တွင် မရမ်းသီးများအထွက်နှုန်း လျော့နည်းကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။
နီလာအေး(လိပ်သို)