ဓနုဖြူမြို့နယ်တွင် ယခင်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေး ပေးရေး ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ဓနုဖြူ မတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ မတ်လ ၁၈ ရက်နေ့၊ နံနက်(၉)နာရီ အချိန်က ယခင်ချေးငွေများ ပြန်လည် ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးရေး ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ရုံးချုပ်၊ အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဦးက အဖွင့်အမှာစကားပြောကြားရာ ဘဏ်သမိုင်းကြောင်း၊ ချေးငွေမူဝါဒ ဆိုင်ရာများ၊ တောင်သူများ ချေးငွေပြန်လည်ပေးဆပ်ရာတွင် အခက်အခဲမရှိစေရေးအတွက် နိုင်ငံတော်မှ ဖြေလျော့ပေးသည့် အခြေအနေများ၊ နှစ်စဉ်ချေးငွေ၊ ဖွံ့ဖြိုးရေးချေးငွေ ထုတ်ချေးခြင်း လုပ်ငန်းများ၊ ချေးငွေသစ်ထုတ်ချေးနိုင်ရေးကိစ္စရပ်များ ရှင်းလင်းပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၊ မန်နေဂျာ ဦးသိန်းထိုက်က မြို့နယ်အတွင်းရှိ တောင်သူများသို့ စိုက်ပျိုးစရိတ် ချေးငွေသစ်များ ထပ်မံထုတ်ချေးပေးနိုင်ရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေ ဟောင်းများအား အချိန်နှင့်တပြေးညီ ပြန်လည်ပေးသွင်းရန် လိုအပ်ကြောင်း၊ သို့မှသာ ချေးငွေများ ထပ်မံထုတ်ချေးနိုင်ရေး စိုက်ပျိုးစရိတ်ချေးငွေ စည်းမျဉ်းစည်းကမ်းနှင့်အညီ ထုတ်ချေး ပေးနိုင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုတင့်က စိုက်ပျိုးရေးနိုင်ငံဖြစ်သည့် အားလျော်စွာ လိုအပ်သော သွင်းအားစုများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ် ချေးငွေများ၊ ဖွံ့ဖြိုးရေးချေးငွေများ အချိန်မီ ထုတ်ချေးပေးလျက်ရှိပါကြောင်း ယခင်ချေးငွေများ ပြန်လည်ပေးဆပ်နိုင်မှသာ ချေးငွေသစ်များ အချိန်မီ ထုတ်ချေးပေး နိုင်မည်ဖြစ်ပါ၍ ချေးငွေစိစစ်ရေး အဖွဲ့များအနေဖြင့် ကြိုးပမ်းဆောင်ရွက်ရန် ပြောကြားခဲ့ပြီး တက်ရောက်လာသည့် ကျေးရွာ (၆၁)အုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ချေးငွေစိစစ်ရေး အတွင်းရေးမှူးများစုစုပေါင်း (၁၀၁)ဦးတို့က စိုက်ပျိုးစရိတ် ချေးငွေများ ပြန်လည် ပေးဆပ်နိုင်ရေး တောင်သူများအနေဖြင့် ဖြစ်ပေါ်လျက်ရှိသော အခက်အခဲများ စသည်ဖြင့် မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများမှ တောင်သူများ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြား ညှိနှိုင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)