ပခုက္ကူမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပခုက္ကူ မတ် ၁၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟော ပြောပွဲကို ယနေ့မွန်းတည့် ၁၂နာရီအချိန်က ကျင်းပသည်။

ဟောပြောပွဲတွင် ပခုက္ကူခရိုင်ပညာရေးမှူး ဦးမောင်မောင်လွန်းက ကျောင်းသား၊ ကျောင်းသူများ ထားရှိရမည့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာနှင့် လူငယ်နှင့်အနာဂါတ်ခေါင်းစဉ်တို့ဖြင့် လည်းကောင်း၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ထွန်းဦးက လူငယ်နှင့်အားကစား၊ ကျောင်းသား၊ ကျောင်းသူများ၏ အားကစား စွမ်းရည် မြှင့်တင်ရေးခေါင်းစဉ်တို့ဖြင့်လည်းကောင်း၊ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က လူငယ်များမှသည် အနာဂါတ်တိုင်းပြည်အတွက် အားကိုးယုံကြည်ထိုက်သည့် ခေတ်ပညာတတ်လူစွမ်း ကောင်းများပေါ်ထွက်လာရေး၊ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြတ်ရေးအကြောင်းတို့နှင့် လူငယ် လူရွယ်များ အသိပညာဗဟုသုများ ကြွယ်ဝစေရေး၊ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း၊ စာဖတ်ဝိုင်း၊ ပုံပြင်၊ ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲများ ကျင်းပခြင်း၊ သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းများ ဆောင်ရွက်ပေးနေမှု အကြောင်းတို့ကိုလည်းကောင်း အသီးသီးရှင်းလင်းဟောပြောကြသည်။

အဆိုပါ ဟောပြောပွဲသို့ ပခုက္ကူမြို့၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၂၀၀)ကျော် စိတ်ပါဝင်စားစွာတက်ရောက်ကြကြောင်းသိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)