တောင်ငူ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

တောင်ငူ မတ် ၁၉

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ဆရာကွန်း ခန်းမတွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင် အခြေခံပညာဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ  လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက  ကျင်းပသည်။

ဟောပြောပွဲတွင်  စိတ်ဓာတ်စည်းကမ်း ကောင်းမွန်ရေး ခေါင်းစဉ်ဖြင့် တောင်ငူခရိုင် ပညာရေးမှူး ဒေါက်တာ နော်ဥမ္မာထွန်းက  စာသင်ကျောင်းများမှတစ်ဆင့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ပြည့်ဝသည့် ကျောင်းသား ကျောင်းသူများ ဖြစ်လာစေဖို့ ကျောင်းများ၌ ပြသထားရှိသည့် ပညာရေးဆိုင်ရာ အဆိုအမိန့်များ၊ ဆောင်ပုဒ်၊ ဦးတည်ချက်၊ မျှော်မှန်းချက်များကို ဖတ်ရှုနားလည် သဘောပေါက်စေပြီး လိုက်နာ ကျင့်သုံးကြစေလိုကြောင်းနှင့် စိတ်ဓာတ်ကောင်း စည်းကမ်းကောင်းသည့် လူကောင်း လူတော်များ ဖြစ်ထွန်းလာစေဖို့ ပညာသင်ကြားပေးသည့် ဆရာ ဆရာများက ပီပီပြင်ပြင် သေသေချာချာ တတ်မြောက်သည်ထိ သင်ကြားပေးစေကာ   တိုင်းပြည်တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ကြ စေလိုကြောင်း တိုက်တွန်းဟောပြောသည်။

ဆက်လက်၍ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး ခေါင်းစဉ်ဖြင့်  တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက လူငယ်များအနေဖြင့် အနာဂါတ်နိုင်ငံတော်ကြီးကို လက်ဆင့်ကမ်းပြီး နိုင်ငံနဲ့လူမျိုးအကျိုး အတွက် သယ်ပိုးဆောင်ရွက်သွားကြရမည်ဖြစ်၍ ရည်မှန်းချက်ရှိကြရန်၊ အကျင့်စာရိတ္တ ကောင်းမွန်ကြရန် ၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြရန်၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ရန်၊ ကျန်းမာရေး ကောင်းရန်၊ ကြီးပွားချမ်းသာခြင်း၏ လမ်းစကိုသိရန်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်ကြစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံပြီး နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်စေရန်နှင့် အသိပညာ အတတ်ပညာများကို လေ့လာဆည်းပူးကြစေရန် တိုက်တွန်းဟောပြောသည်။

ယင်းနောက် ကျန်းမာကြံ့ခိုင်ရေးခေါင်းစဉ်ဖြင့် တောင်ငူခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ် (အား/ကာ)မှူး ဒေါ်သူဇာထွေးက ကျန်းမာကြံ့ခိုင်သည့် ကိုယ်လက်အားကစားများကို လူငယ်အရွယ်မှ စတင်ကာ နေ့စဉ်လေ့ကျင့်ခန်းများ ဆောင်ရွက်ကြစေပြီး ဘဝအတွက် တိုးတက်ကောင်းမွန်သည့် ကျန်းမာခြင်းနည်းလမ်းများနှင့်အညီနေထိုင်ကြစေလိုကြောင်း၊ ထို့ပြင် မိမိ ဝါသနာပါရှိသည့် အားကစား နည်းများကို ငယ်စဉ်ကပင် ကျွမ်းကျင်သည့်အဆင့်အထိ လေ့ကျင့်ကာ မြန်မာ့လက်ရွေးစင်အဖြစ် ပါဝင် နိုင်ရန် ကျွမ်းကျင်ပိုင်နိုင်စွာ လေ့ကျင့်ကြစေလိုကြောင်း တိုက်တွန်းဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း (၃၀)ဦးတ်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်