ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း (၇၇) နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် စုပေါင်း သွေးလှူဒါန်းပွဲသို့ တက်ရောက်အားပေး

စစ်တွေ   မတ်  ၁၉

(၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ အမှတ်(၄) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်များ၏မိသားစုများ စုပေါင်းသွေး လှူဒါန်းပွဲကို ယနေ့နံနက် ပိုင်းက စစ်တွေမြို့ ခုတင်(၅၀၀) ဆံ့ အထွေထွေရောဂါ ကုဆေးရုံကြီး၌ ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ စစ်တွေ တပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သွေးလှူဒါန်းကြမည့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ တပ်ဖွဲ့ဝင်များ၏ မိသားစုများအား ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး နှင့်ဆရာဝန်၊ သူနာပြုများက သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးဖောက်စစ်ဆေးခြင်းနှင့် သွေးအမျိုးအစားခွဲခြင်း တို့ကို လှည့်လည် ကြည့်ရှုကြသည်။ ဆက်လက်၍  ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွေးလှူဒါန်းကြသည့် တပ်ဖွဲ့ဝင် များ၊ ဝန်ထမ်းများနှင့် တပ်ဖွဲ့ဝင်များ၏ မိသားစုများအား ပြည်နယ် အစိုးရအဖွဲ့နှင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(စစ်တွေ) စစ်တွေတပ်နယ်မှ လှူဒါန်းသောအားဖြည့် အစားအစာများကို ထောက်ပံ့ ပေးအပ် ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် သွေးလှူဒါန်းပွဲတွင် ဝိုင်းဝန်း ကူညီဆောင်ရွက်ကြသော စစ်တွေဆေးရုံကြီးမှ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်နှင့် ဝန်ထမ်းများက လက်ခံရယူကြသည်။

(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲတွင် ရခိုင်ပြည်နယ်ရဲ တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၄) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်များ၏ မိသားစုများ စုပေါင်းကာ သွေးအုပ်စု အမျိုးအစားမျိုးစုံ ၁၅၀ လုံးအား စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)