ငါးသိုင်းချောင်း မတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ပုသိမ်-မုံရွာလမ်းမကြီး ဘေးရှိ သောင်ကြီးကျေးရွာအုပ်စု၊ တက်ဆိပ်ကျေးရွာ၊ ဇီးတန်းပိုင်း၌ ယနေ့နံနက်ပိုင်းက ပုသိမ်-မုံရွာ လမ်းမကြီးနှင့် ကျေးရွာများ ဆက်သွယ်သည့် ကိုယ်ထူကိုယ်ထ ကွန်ကရစ်တံတားသစ် ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
ကိုယ်ထူကိုယ်ထ ကွန်ကရိတံတားသစ် ဖွင့်လှစ်ရာတွင် ရေကြည်မြို့နယ် အုပ်ချုပ်ရေးမှူးဦးသန်းဝင်း၊ တက်ဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်နှစ်တိုက်ရှိ ဆရာတော်နှစ်ပါး၊ မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးတို့က တံတားသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကိုယ်ထူ ကိုယ်ထကွန်ကရစ်တံတား မတည်အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း အစီအစဉ်များဖြင့် ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တံတားမှာ ပုသိမ်-မုံရွာ လမ်းမကြီးနှင့် သောင်ကြီးကျေးရွာအုပ်စု၊ တက်ဆိပ်ကျေးရွာ အပါအဝင် သာယာကျွန်း၊ ဝါသလ၊ ချောင်းဝ၊ ပေါက်ကုန်း၊ သောင်တန်း၊ မယ်ဇလီ ကျေးရွာများသို့ အဆင်ပြေ ချောမွေ့စွာ ဆက်သွယ်သွားလာနိုင်ရန် အထောက်အကူပြုမည်ဖြစ်ပြီး စေတနာရှင် ပြည်သူများနှင့် ကျေးရွာသူ၊ ရွာသားများမှ ကိုယ်ထူကိုယ်ထ မတည် ဆောက်လုပ်သည့် သံကူ ကွန်ကရစ်တံတား (အရှည်ပေ၂၀၊ အကျယ်၁၀ပေ) ကို ကုန်ကျငွေကျပ် (၉၁၃၁၅၀ဝိ/) ဖြင့် စုပေါင်း ဆောက်လုပ် ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ တံတားချဉ်းကပ်လမ်း ကျောက်ချောခင်းခြင်းနှင့် ကျေးရွာတွင်းလမ်း ကျောက်ချောခင်းခြင်း လုပ်ငန်းများကိုလည်း ကိုယ်ထူကိုယ်ထ ဆက်လက် စုပေါင်း လုပ်ဆောင်သွားဖို့ရှိကြောင်း သောင်ကြီးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးအေးသောင်းက ပြောကြားထားကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)