ရွှေဘိုတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ရွှေဘို မတ် ၁၉

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုမြို့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ရွှေဘိုမြို့၊ အမှတ်(၂) အခြေခံပညာ အထက်ကျောင်းတွင် အလယ်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသားများအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရွှေဘိုခရိုင် ပညာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးက ကျောင်းသား၊ ကျောင်းသူများအား စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ခေါင်းစဉ်ဖြင့် ဟောပြော ပေးခဲ့သည်။ ထို့နောက် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က လူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေး ခေါင်းစဉ်နှစ်ခုဖြင့် ဟောပြောဆွေးနွေးခဲ့သည်။ ယင်းနောက် ရွှေဘိုခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်ဝင်း ကလူငယ်နှင့် အားကစား ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပြီး ကျောင်းသားကျောင်းသူ များအတွက် အားကစား လိုက်စားစေရေး Myanmar fitness dance အကဖြင့် ဖျော်ဖြေပေးခဲ့ပြီး အားကစားပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲဆောင်ရွက်မှုအတွက် ကျောင်းသား၊ ကျောင်းသူများ နွေရာသီ အားလပ်ရက်တွင် အခွင့်အလမ်းများစွာကို လမ်းပြ ဟောပြောပေးသည့်အတွက် အထူးကျေးဇူး တင်ကြောင်း ကျောင်းအုပ်ဆရာကြီး ဦးကျော်ကျော်ဦးက ပြောကြားသည်။

စိုးသီဟ(ရွှေဘို)