သရက်မြို့နယ်ရှိ ရပ်ကွက်များအတွင်း ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

သရက် မတ် ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်တွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ရာခိုင်နှုန်းပြည့် လွှမ်းခြုံနိုင်ရေး ကွင်းဆင်း၍ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသူများနှင့် ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိသူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၂)ကြိမ်ထိုးနှံပြီး (၆)လပြည့်၍ ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော်ဘုရားကြီး ဓမ္မာရုံတွင် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီး ဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ကာကွယ်ဆေး မထိုးမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်းအောင်ဆီဂျင် ပမာတိုင်းတာခြင်းစသည့် ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးပြီးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ဆေးထိုးပြီးသူများ အား မိနစ်(၂၀)စောင့်ကြည့်ပြီးမှ ထွက်ခွာခွင့်ပြုခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)