မက်မန်းမြို့၌ လာဘမုနိဗုဒ္ဓရုပ်ပွားတော် တည်ထားနိုင်ရေး အုတ်မြစ်ချမင်္ဂလာကျင်းပ

မက်မန်း မတ် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ လာဘမုနိ ဗုဒ္ဓရုပ်ပွားတော် တည်ထားနိုင်ရေး အုတ်မြစ်ချမင်္ဂလာအခမ်းအနားကို အဘယကုန်းမြေ ယမန်နေ့ နံနက်(၉)နာရီက ကျင်းပသည်။

အခမ်းအနားတွင် ထေရဝါဒ တောင်တန်းသာသနာပြု ပညာဒီပကျောင်းထိုင် ဆရာတော် အဂ္ဂမဟာသဒမ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒာသိရီက အခမ်းအနားကို နမောဿတ (၃)ကြိမ်ရွတ်ဖတ် ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာသော ဧည့်ပရိတ်သတ်များနှင့်အတူ ကိုးပါးသီလ ခံယူဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်း ပရိတ်တော် ရွတ်ဖတ်ပူဇော်ခဲ့သည်။

ထို့နောက် ပညာဒီပကျောင်းထိုင်ဆရာတော် အဂ္ဂမဟာသဒမ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒာသိရီ ဦးဆောင်၍ အမှတ်(၁၀၁၀) နယ်ခြားစောင့်တပ်မှ တပ်မှူး စိုင်းယီ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးထွန်းလင်းအောင်၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက  အောင်တော်မူ စင်္ကြမုနိ ဗုဒ္ဓရုပ်ပွားတော် တည်ထားနိုင်ရေး သတ်မှတ်နေ့နံများအတိုင်း အုတ်မြစ်များကိုချမှတ်ခဲ့ကြပြီး အန္တရာယ်ကင်းပရိတ်ရည်များ ပတ်ဖျန်းပေးခဲ့ကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုခဲ့၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)