မော်လိုက် မတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ ဆွတ်နန်းကျေးရွာအနီး၌ တိုင်းဒေသကြီး ငွေလုံး ငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ရန်ကင်းတောင်ခြေနှင့် မကျီးအင်းရေဝင်ပေါက် ကြားရှိ ရေဝင်ပေါက်များ ပိတ်ဆို့ကာကွယ်ခြင်းနှင့် တာဘောင်မြှင့်တင်ခြင်းလုပ်ငန်း ပြီးစီးမှုတို့အား ယမန်နေ့ နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန် ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရေဝင်ပေါက်များ ပိတ်ဆို့ ကာကွယ်ခြင်းနှင့် တာဘောင်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်(၇၀ ဒဿမ ၈၇၀)သန်းဖြင့် အရှည်(၁၄၀၀)ပေ၊ အကျယ်(၁၄)ပေ၊ ပျဉ်းမျှအမြင့်(၇)ပေရှိ ရန်ကင်းတောင်ခြေနှင့် မကျီးအင်း ရေဝင်ပေါက်ကြားရှိ ရေဝင်ပေါက်များ ပိတ်ဆို့ကာကွယ်ခြင်းနှင့် တာဘောင်မြှင့်ခြင်း လုပ်ငန်းကို ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အနီးကပ် ကြီးကြပ်မှုဖြင့် တင်ဒါအောင်မြင်သည့် ချင်းတွင်းရှမ်းကုမ္ပဏီလီမိတက်မှ တာဝန်ယူကာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ပထမပတ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာခိုင်နှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ ခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှမော်နှင့် တာဝန်ရှိ သူများက ရေဝင်ပေါက်များ ပိတ်ဆို့ကာကွယ်ခြင်းနှင့် တာဘောင်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ရန်ကင်းတောင်ခြေနှင့် မကျီးအင်းရေဝင်ပေါက်ကြားရှိ ရေဝင်ပေါက်များ ပိတ်ဆို့ ကာကွယ်ခြင်းနှင့် တာဘောင်မြှင့်တင်ခြင်းလုပ်ငန်း ပြီးစီးသွားသည့်အတွက် နှစ်စဉ်ကြုံတွေ့နေရ သည့် စိုက်ပျိုးပြီးလယ်မြေများ ရေကြီးနစ်မြုပ်မှုများမှ ကာကွယ်နိုင်တော့မည်ဖြစ်ပြီး တောင်သူများအတွက် များစွာ အထောက်အကူဖြစ်လာမည်ဖြစ်ကြောင်း ကျေးရွာဒေသခံ တစ်ဦးထံမှ သိရသည်။
မော်လိုက်သားလေး