မောင်တော မတ် ၁၉
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျီးကန်းပြင် ကျေးရွာ၊ အမှတ်(၁)နယ်ခြားစောင့်ကွပ်ကဲရေးဌာနခွဲရှိ နေအိမ်လိုင်းခန်းများအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ကျီးကန်းပြင် နယ်မြေမီးသတ်စခန်း တာဝန်ခံ ဒုတိယမီးသတ်ဦးစီးမှူး ကျော်စိုးနိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ကျီးကန်းပြင်ကျေးရွာ၊ အမှတ်(၁) နယ်ခြားစောင့် ကွပ်ကဲရေး ဌာနခွဲရှိ နေအိမ်လိုင်းခန်းများတွင် နေထိုင်ကြသော တပ်ဖွဲ့ဝင် မိသားစုများအနေဖြင့် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် အသက် အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမှု မရှိစေရေးအတွက် မီးကို စနစ်တကျ အသုံးပြုစေရေး၊ အမှိုက်သရိုက်များအား စနစ်တကျ စွန့်ပစ်ရေး ၊ လျှပ်စစ်မီးအသုံးပြုသူ မိဘပြည်သူများ အနေဖြင့် မိမိတို့ နေအိမ်များရှိ လျှပ်စစ်ဝါယာ ကြိုးများ ပေါက်ပြဲမှုရှိမရှိ၊ လျှပ်စစ်ဝါယာကြိုးများ၊ မီးပလက်ပေါက်များ ဟောင်းနွမ်းနေပါကလည်း သက်ဆိုင်ရာ လျှပ်စစ်ဝန်ထမ်း များဖြင့် လဲလှယ်တပ်ဆင် အသုံးပြုစေရေး၊ ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းချက် ပြုတ်သူများ အနေဖြင့် မီးကြွင်း၊ မီးကျန်များကို စနစ်တကျ မီးငြိမ်းသတ်စေရန်နှင့် နေအိမ်လိုင်းခန်းများတွင်လည်း မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များ၌ ရေများ ဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်းနှင့် မတော်တဆ မီးလောင်မှု ဖြစ်ပွားပါကလည်း သက်ဆိုင်ရာ မီးသတ် ဦးစီး ဌာနသို့ ချက်ချင်း သတင်းပေးပို့ပါရန် ကွင်းဆင်းစစ်ဆေး အကြံပြု လမ်းညွန်မှာ ကြားခဲ့ကြကြောင်းသိရသည်။
အောင်ကျော်စိန်၊ သက်လွင်စိုး(ခရိုင်ပြန်/ဆက်)