ကယားပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

လွိုင်ကော် မတ် ၁၉

ကယားပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂နာရီအချိန်က ကယားပြည်နယ် အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ပြည်နယ်အတွင်းတွင် မီးဘေး၊ ရေဘေး၊ လေဘေးနှင့် အခြားမမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ဖွဲ့စည်းထားသော ဆပ်ကော်မတီအသီးသီးက မြေပြင်တွင် လက်တွေ့ကျကျ၊ ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သဘာဝဘေး မကြုံတွေ့မှီ ပြည်သူများကို ကြိုတင်အသိပေးရေး၊ ပညာပေးရေးနှင့် ဇတ်တိုက်လေ့ကျင့်မှု အပိုင်းများသည် အဓိကကျကြောင်း၊  ပြည်သူလူထုပါဝင်မှုသည်လည်း အရေးကြီးကြောင်း၊ သဘာဝ ဘေးအန္တရာယ် ကြုံတွေ့ချိန်တွင် အရေးပေါ်ချက်ခြင်း တုံ့ပြန်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်စုဖွဲ့ ထားရန်လိုအပ်ကြောင်း၊  ဖြစ်ပွားနေစဉ်ကာလတွင် ဆပ်ကော်မတီများ၏ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှု၊ ဆက်သွယ်မှုနှင့် ကွပ်ကဲမှုစနစ်များသည် အရေးကြီးကြောင်း၊ ဖြစ်ပွားပြီးနောက်ပိုင်း ပြန်လည် ထူထောင်ရေး လုပ်ငန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရမည့် အခြေအနေ များကို ကြိုတင်မျှော်မှန်းပြီး ပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဆပ်ကော်မတီ၊ အတွင်းရေးမှူးများက သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကြိုတင်စီမံ ဆောင်ရွက်ထားရှိသည့် အခြေအနေ များကို ဆွေးနွေးတင်ပြခဲ့ကြပြီး သက်ဆိုင်ရာ ပြည်နယ်ဆပ်ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်နယ် အစိုးရအဖွဲ့ဝင်၊ ဝန်ကြီးများက  လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကယားပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ်က ဆပ်ကော်မတီများ၏ ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)