လွိုင်ကော် မတ် ၁၅
ကယားပြည်နယ်၊ မီးသတ်ဦးစီးဌာနမှ ယခုအခါ ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်၍ မီးလောင်မှုကြောင့် ပြည်သူ လူထုနှင့် ဌာနဆိုင်ရာများ၏ အဆောက်အဦး၊ ပစ္စည်းများ မီးလောင်ဆုံးရှုံးမှုမရှိစေရန် မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောပွဲ နှင့် မီးငြိမ်းသတ် သရုပ်ပြသခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က လွိုင်ကော်မြို့၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်သန်းက မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောရာတွင် မိမိတို့နေအိမ်အတွင်း ချက်ပြုတ်နေစဉ်ကာလ၌ ဆီမီးလောင်မှု ဖြစ်ပွားလာပါက ဆောင်ရွက်ရမည် အခြေအနေ များ၊ မိမိတို့အိမ်အတွင်း တပ်ဆင် အသုံးပြုလျက် ရှိသည့်လျှပ်စစ်မီးကြိုးများဆိုင်ရာ သိကောင်းစရာများ၊ လျှပ်စစ်မီးမှ တဆင့် မီးလောင်မှုဖြစ်ပွားလာပါက ဆောင်ရွက်ရမည့် အခြေအနေများ၊ ဂက်စ်အိုးဖြင့် ချက်ပြုတ်နေစဉ်ကာလအတွင်း သတိထားရမည့် အချက်များ၊ လောင်စာဆီမှတဆင့် မီးလောင်မှုဖြစ်ပွားလာပါက ဆောင်ရွက်ရမည့် အခြေအနေများစသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းသိကောင်းစရာများကို ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများကို မီးလောင်မှု ဖြစ်ပွားလာပါက ကိုယ်တိုင် ဆောင်ရွက်နိုင်ရေးအတွက် သရုပ်ပြ လေ့ကျင့် ဆောင်ရွက်ပေးရာ တက်ရောက်လာကြသည့် ဝန်ထမ်းများက ပူးပေါင်းသရုပ်ပြလေ့ကျင့်ခဲ့ပြီး ဒုတိယ ညွှန်ကြားရေးမှူး ဦးခင်မောင်သန်းက ရုံးနှင့် ဝန်ထမ်းလိုင်းခန်းတို့တွင် မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် လိုက်လံစစ်ဆေး အကြံပြု ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဉီးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်နန်းစိုးစိုးဟတ်နှင့် ဝန်ထမ်းများ၊ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနမှ ပြည်နယ်မှူး ဦးမျိုးမင်းအောင်နှင့် ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဉီးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း ၃၈ ဦးတက်ရောက်ကြ ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)