မယ်စဲ့ မတ် ၁၄
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး ထိုးနှံခြင်းလုပ်ငန်းကို လစဉ်သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များတွင် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး၊ ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများဖြစ်သည့် ဒေါ်ချိုမာ၊ ဒေါ်မေးဘာ၊ ဒေါ်သန်းရွှေ၊ ဦးဗျားရယ်တို့က တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ နမ့်မန်း၊ ဟိုစဲ့၊ ဝမ်ကန်ကျေးရွာတို့မှ ကိုယ်ဝန်ဆောင် မိခင်များ၊ နှစ်နှစ်အောက်ကလေးငယ်များအား မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဆေးထိုးစုရပ် တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံခြင်း၊ မွေးကင်းစမှ အသက်နှစ်နှစ်အောက် ကလေးငယ်များအား သတ်မှတ်ထားသည့် အသက်အရွယ် အပိုင်းအခြားအလိုက် ငါးမျိုးစပ်ဘီစီဂျီ၊ ပြင်းထန်အဆုတ်ရောင်၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝက်သက်၊ ဂျိုက်သိုး၊ ပိုလီယိုရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်ရောဂါ စသည့် ကာကွယ်ဆေးများကို တိုက်ကျွေး၊ ထိုးနှံပေးခဲ့ပြီး ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို မပျက်မကွက် လာရောက်ထိုးနှံကြရန်နှင့် ကလေးငယ်များ ရာသီချိန်တွင် ဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှော ရောဂါနှင့် ပတ်သက်၍ သတိပြုရမည့်အချက်များကို ကျန်းမာရေးအသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)