မိုးညို ဩဂုတ် ၃ဝ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များရောင်းချခြင်း ရှိ/မရှိ တို့ အားစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့ည ၇ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်အဝင်တွင် Hand Gel၊ လက်ဆေးကန်များထားရှိရန်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်စားပွဲများတွင် ဆိုင်ထိုင် စားသောက်မည့် လူတစ်ဦးနှင့်တစ်ဦးကြား အကွာအဝေး၊ ကာရံထားရမည့် Partition အားသတ်မှတ်ချက် အတိုင်းထားရှိရန်၊ အစားအသောက်ရောင်းချ၊ ပြင်ဆင်ဝန်ဆောင်မှုပေးသူ အားလုံး Face Shieldနှင့် Mask တပ်ဆင်ထားရန်နှင့် ဆိုင်အဝင်၊ ဆိုင်အတွင်းတို့တွင် ကိုဗစ်-၁၉ ကျန်းမာရေးသတိပေး နှိုးဆော်ချက် ပိုစတာများ ကပ်ထား/စိုက်ထူထား ရှိရန်တို့အား စစ်ဆေးခြင်းနှင့် လိုအပ်သည်များအား ဆောင်ရွက် ထားရန် အသိပညာပေး ဆောင်ရွက်ခဲ့သည်။
အဆိုပါစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ကိုမင်း(မိုးညို)