စေတုတ္တရာ ဩဂုတ် ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါကြောင့် လူမှုစီးပွားဘဝထိခိုက်မှုများကို တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် ကျေးလက်နေ ပြည်သူများ ဝင်ငွေရရှိစေမည့် Cash For Work စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက မင်းဘူးခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်း၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် Cash For Work စီမံကိန်းရန်ပုံငွေဖြင့် ခဲပြစ်ကျေးရွာရှိ ကျေးရွာတွင်း လမ်းပြုပြင်ခြင်းနှင့် ကျေးရွာရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်း၊ ဝန်လိုကျေးရွာရှိ ကျေးရွာတွင်း ရေနုတ် မြောင်းတူးဖော်ခြင်းလုပ်ငန်းနှင့် မြေသားရေကန်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများနှင့် စာရင်း ဇယားပုံစံ များဖြည့်သွင်းထားရှိမှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ အကျိုးဆက်ခံရသော ကျေးလက်ဒေသများရှိ ပြည်သူများ၏ ကျေးရွာများတွင်ကုန်ထုတ်လုပ်ငန်းများနှင့် အခြေခံအဆောက်အအုံများကို ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခငွေပေးချေခြင်းဖြင့် ကျေးလက် နေပြည်သူများ ဝင်ငွေရရှိစေရန်နှင့်ကျေးလက်ဒေသများတွင် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်လျက် Cash For Work စီမံကိန်းအနေဖြင့် ကျေးရွာ(၈)ရွာတွင် ကျေးရွာတွင်းလမ်းပြုပြင် ခြင်းလုပ်ငန်း(၅)ခု၊ ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း(၆)ခု၊ မြေသားရေကန်ပြုပြင် ခြင်းလုပ်ငန်း(၂)ခုနှင့် ရေကာတန်းပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း(၁)ခု၊စုစုပေါင်း စီမံကိန်းလုပ်ငန်း(၁၄)ခုတို့အား ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)