မယ်စဲ့ မတ် ၁၂
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် လူငယ်များအဖွဲ့ (Youth Club) တို့ပူးပေါင်း၍ ထိပ်ဆုံးသို့အရောက်သွားမည် စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ကျင်းပသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စောဝတ်ရည်က ယနေ့ခေတ်လူငယ်လူရွယ်များ စာအုပ်စာပေ လေ့လာဖတ်ရှုခြင်းဖြင့် ဘဝအောင်မြင်မှု လမ်းကြောင်းကို ပုံဖော်တည်ဆောက်ရာတွင် အထောက်အပံ့တစ်ခု ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူးဒေါ်စောဝတ်ရည်က စာရေးဆရာအောင်စည်သာ မြန်မာပြန် ရေးသားထားသည့် ထိပ်ဆုံးသို့ရောက်အောင်သွားမည် စာအုပ်မှ ဘဝအောင်မြင်ရေးအတွက် သင်ခန်းစာယူဖွယ်ရာများ၊ ထင်ရှားသည့်အဆိုအမိန့်များ၊ မဆုတ်မနစ်သော ဇွဲလုံ့လတို့ဖြင့် ရည်မှန်းချက်ပန်းတိုင်သို့ ရောက်အောင်လျှောက်လှမ်းရမည့် အကြောင်းအရာတို့ကို ဦးဆောင် ဆွေးနွေးရာ (Book Club) အဖွဲ့ဝင် မမေသူဟိန်းနှင့် (Youth Club) အဖွဲ့ဝင် မနန်းယုလွင်ထွန်းတို့က မိမိတို့ရည်မှန်းချက်များကို တိုးတက်မှုအဖြစ် ပြောင်းလဲပုံနှင့် အချိန်နှင့်အမျှ မိမိတို့ဘဝကို စီမံခန့်ခွဲနိုင်လျှင် အရာရာဖြစ်နိုင်ပုံတို့ကို ပြန်လည်သုံးသပ် ဆွေးနွေးခဲ့သည်။
ထိုနောက် စာအုပ်စာစောင်ပြပွဲကို ပြသဆောင်ရွက်ရာ တက်ရောက်လာသည့်(Book Club) အဖွဲ့ဝင်များနှင့် (Youth Club) အဖွဲ့ဝင်များက သုတ၊ ရသစာအုပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)