ဂန့်ဂေါ ဩဂုတ် ၃၀
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် မိုးစိုရွာသစ်၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက Cash for Work စီမံကိန်းထောက်ပံ့ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းခင်းခြင်းနှင့် ရေနုတ်မြောင်းတူးဖော်ခြင်းအခြေအနေများကို ယမန်နေ့ နံနက်ပိုင်းအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ပိုင်စိုးနှင့်တာဝန်ရှိသူများက ကျေးရွာကော်မတီဝင်များနှင့်အတူ Cash for Work စီမံကိန်းထောက်ပံ့ ရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် အရှည်ပေ(၂၃၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၉)လက်မဖြင့် ကျေးရွာတွင်း လမ်းခင်းခြင်းနှင့် အရှည်ပေ(၁၄၄၂၄)ပေ၊ အနက် (၂)ပေ၊ အကျယ်(၁ ပေ ၆ လက်မ) ဖြင့် ရေနုတ်မြောင်းတူး ဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလ ပြီးစီးရန် ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါကျေးရွာတွင် ကျေးရွာတွင်းလမ်းခင်းခြင်းနှင့် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းကို Cash for Work စီမံကိန်းထောက်ပံ့ရန်ပုံငွေ သိန်း(၁၀၀)ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ နည်းပညာအကူအညီရယူ၍ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ပြီး လုပ်အားခချက်ခြင်း ပေးချေစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေမှာ ၉၇ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ခံ အင်ဂျင်နီယာ ဒေါ်သင်းသင်းငြိမ်းထံမှ သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)