ဘောလခဲမြို့တွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပ

ဘောလခဲ မတ် ၁၂

ကယားပြည်နယ်၊ ဘောလခဲခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဘောလခဲခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက အဖွင့်အမှာစကား ပြောကြားရာတွင်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကိစ္စရပ်များကို​​ ဖော်ဆောင်ပေးနိုင်ရန် ကော်မတီဖွဲ့စည်းခြင်းဖြစ်ကြောင်းနှင့် ယခုသုံးလပတ် ကာလတွင် ကလေးသူငယ်များနှင့် ပတ်သက်သည့် အမှုအခင်းမရှိကြောင်း၊ ကလေးသူငယ် အမှုအခင်းများ ရှိပါက ကော်မတီသို့ တိုင်ကြားပြီး သက်ဆိုင်သော တရားဥပဒေများဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကော်မတီတွင် ပါဝင်သောဌာနဆိုင်ရာများ အားလုံးက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ခင်စန်းမြင့်က လုပ်ငန်းဆိုင်ရာ အချက်အလက် များအား အသေးစိတ် ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာ ကော်မတီဝင်များမှ မိမိတို့ဌာနများအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စရပ်များအား အသီးသီး တင်ပြ ဆွေးနွေးကာ​ကော်မတီ ဥက္ကဋ္ဌက လိုအပ်သည်များအား ဖြည့်စွက်အကြံပြု ဆွေးနွေး​​ခဲ့ကြောင်း သိရှိရသည်။

ဇင်မာထွန်း