ဆော သြဂုတ် ၂၉
မကွေးတိုင်းဒေသကြီး၊ဆောမြို့နယ်၊အညာကတင်းကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ပထမအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက အညာကတင်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။
ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကြည်မင်းထွန်းက အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးခင်မောင်ကြည်က မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား (CERP) အရ ပထမအကြိမ်အနေဖြင့် ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် အညာကတင်းကျေးရွာအုပ်စုမှ မိုးစပါးစီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ်မည့် တောင်သူ ၁၆၆ ဦး၏ မျိုးစေ့ထုတ် လယ်ဧက ၂၁၅ ဧကအတွက် တစ်ဧကလျှင် ငွေကျပ်(၈၃၅၀၀)နှုန်းဖြင့် သိန်းပေါင်း တစ်ရာ ခုနှစ်ဆယ့်ကိုးသိန်း ငါးသောင်း နှစ်ထောင် ငါးရာ (၁၇၉၅၂၅၀၀)ကျပ်အား မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌနှင့် တာဝန်ရှိသူများက အညာကတင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျန်ထွန်းထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်မျိုးသန့်(ဆော)