တပ်ကုန်းမြို့၌ လူငယ်ရေးရာကော်မတီဝင်များနှင့် Volunteer လူငယ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

တပ်ကုန်း ဩဂုတ် ၂၉

နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းစဉ် များတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသော မြို့နယ်လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များနှင့် Volunteer လူငယ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် နေပြည်တော် လူငယ်ရေးရာကော်မတီမှ ပြည်ထောင်စုကိုယ်စားလှယ် ဦးမျိုးသူစိုးက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးသော မြို့နယ် လူငယ်ရေးရာ ကော်မတီဝင်နှင့် Volunteer လူငယ်များအား ကျေးဇူးတင်ရှိကြောင်းနှင့် ကော်မတီဝင်များ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ရှင်းလင်း ပြောကြားပြီးနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုးနှင့် တာဝန်ရှိသူများက  လူငယ်ရေးရာကော်မတီဝင်နှင့် Volunteer လူငယ် စုစုပေါင်း(၁၄)ဦးအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသား အဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ချီးမြှင့်သော ဂုဏ်ပြု မှတ်တမ်းလွှာများနှင့်အတူ လက်ဆေး ဟန်းဂျယ်၊ နှာခေါင်းစည်း(Mask)များ ပေးအပ်ချီးမြှင့်ခဲ့ကြရာ မြို့နယ်လူငယ် ရေးရာကော်မတီ တွဲဖက်(အတွင်းရေးမှူး) ဦးအောင်ပြည့်ဖြိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရ သည်။

တင်စိုးလွင်