လွိုင်ကော် မတ် ၁၁
ကယားပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်ပြည်သူ့ဆေးရုံကြီး(လွိုင်ကော်)သို့ O2 40L အိုး လှူဒါန်းခြင်း၊ တာဝန် ထမ်းဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများနှင့် ချီးမြှင့်ငွေများပေးအပ်ခြင်းနှင့် ဆေးရုံ တက်ရောက် ကုသမှုခံယူနေသူများအား ထောက်ပံ့ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က လွိုင်ကော် ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ပြည်သူများ၏ ကျန်းမာရေးကို အပြည့်အဝစောင့်ရှောက်နိုင်ရေးအတွက် လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၏ လိုအပ်ချက်ဖြစ်သော အောက်ဆီဂျင်အိုးများကို ပြည်နယ်အစိုးရအဖွဲ့မှ ထပ်မံလှူဒါန်းပေးခြင်း ဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်းရှိ ဆေးရုံ၊ တိုက်နယ်ဆေးရုံများနှင့် ဆေးပေးခန်းများသည် ပြည်သူများက အဓိကအားထားသော နေရာဌာနများဖြစ်ပါကြောင်း၊ လက်ရှိတာဝန် ထမ်းဆောင် နေသော ကျန်းမာရေးဝန်ထမ်းများသည် နိုင်ငံတော်အပေါ် သစ္စာရှိမှု၊ ဝန်ထမ်းကောင်းပီသမှု၊ ပြည်သူများကို အလုပ်အကျွေးပြုမှုများအပေါ် ချီးကျူးဂုဏ်ပြုပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူအတွက် မိမိဆည်းပူးခဲ့သော ကျန်းမာရေးဆိုင်ရာအတတ်ပညာရပ်များကို အကျိုးရှိရှိ အသုံးချဆောင်ရွက်ပေးနေမှုများကိုလည်း အသိအမှတ်ပြု ပါကြောင်း၊ လက်ရှိတွင် ကျန်းမာရေးဆိုင်ရာ ပုံမှန်ကုသမှုများအပြင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကာကွယ်တားဆီး၊ ကုသထိန်းချုပ်လုပ်ငန်းများ၊ ကာကွယ်ဆေးထိုးလုပ်ငန်းများကို ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးအတွက် အုပ်ချုပ်ရေး ဆိုင်ရာအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၁ခုနှစ်တွင် လွိုင်ကော် ပြည်သူ့ ဆေးရုံကြီး၌ အောက်ဆီဂျင် စက်ရုံများတည်ထောင်ပေးခြင်း၊ အောကဆီဂျင်အိုးများ လှူဒါန်း ပေးခြင်းကို ဆောင်ရွက်ပေးခဲ့သကဲ့သို့ ယနေ့တွင်လည်း လွိုင်ကော် ပြည်သူ့ဆေးရုံကြီးနှင့် ဘောလခဲ ဆေးရုံအတွက် O2 40L စုစုပေါင်း ၁၀၀ အိုး လှူဒါန်း မည်ဖြစ်ပါကြောင်း ၊ လွိုင်ကော် ပြည်သူ့ဆေးရုံကြီးသို့ လာရောက်၍ ဆေးကုသသော ပြည်သူများ စိတ်နှလုံးချမ်းမြေ့စေရေး အတွက် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ဆေးရုံသန့်ရှင်းသာယာလှပရေး၊ ဥပဓိရုပ်ကောင်းမွန်ရေး၊ ဆေးရုံမှတစ်ဆင့် ကူးစက်ရောဂါများ ပြန့်ပွားမှုမရှိစေရေး အတွက် လူနာနှင့် လူနာစောင့်များ စည်းကမ်းလိုက်နာရေးတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများက အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နယ်မြေတည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဝန်ထမ်းများ၏နေထိုင်ရေး၊ လုံခြုံရေးအဆင်ပြေစေရေးအတွက် နေ့စဉ်စီမံဆောင်ရွက်ပေးနေပြီး ကယားပြည်နယ်အတွင်းတွင် အချိန်ပြည့် မီးပြန်လည်ရရှိရေးအတွက် စီမံဆောင်ရွက်ပေးနေပါကြောင်း၊ ကုန်စည်စီးဆင်းမှု နှင့် ပြည်သူများ ခရီးသွားလာရေးအဆင်ပြေ ချောမွေ့စေရေးအတွက် အဝေးပြေး မော်တော်ယာဉ်လိုင်း များလည်း ပြန်လည်ပြေးဆွဲနိုင်ရေးကို စီမံဆောင်ရွက်ပေးခဲ့ပြီး အများပြည်သူအသုံးပြုနေသော ဈေး၊ ကျောင်းနှင့် ပုဂ္ဂလိက ဆေးရုံ ဆေးခန်းများပါ စနစ်တကျဖွင့်လှစ်နိုင်အောင် ဆောင်ရွက်ပေး နေပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးသို့ O2 40Lအိုး အလုံး(၅၀)အိုးနှင့် ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများအတွက် ဆန်၊ ဆီနှင့် ချီးမြှင့်ငွေ များပေးအပ်ရာ ပြည်နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းဝင်းခိုင်က လက်ခံရယူခဲ့ပြီး ဆေးရုံအုပ်ကြီးမှ ကျေးဇူးတင် စကားပြန်လည် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် တာဝန် ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများအား လုပ်ငန်းနှင့် လူမှုရေးဆိုင်ရာ အခက်အခဲများရှိပါက မိသားစုအသွင်ဖြင့် ပြောကြား နိုင်ကြောင်း ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ပြည်နယ် ပြည်သူ့ ဆေးရုံကြီး(လွိုင်ကော်)ရှိ ကလေးလူနာကုသဆောင်၊ ကွန်ပျူတာဓါတ်မှန် CT Scan၊ ခွဲစိတ် ကုသဆောင်နှင့် Oxygen Plant ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုကြပြီး ဆေးကုသမှုခံယူနေသော လူနာများအား ရင်းနှီးနွေးထွေးစွာဖြင့် တွေ့ဆုံ အားပေးစကား ပြောကြားခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။
စိုးလှိုင်ဌေး