အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

လွိုင်ကော် မတ် ၁၀

အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းကို ထိရောက်စွာ အကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံတော်၏ ဦးစားပေး ကဏ္ဍများဖြစ်သည့် ငြိမ်းချမ်းရေး ၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး ၊ ထုတ်လုပ်မှု စွမ်းအားမြှင့်တင်ရေး ၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေးနှင့် သဘာဝဘေးအန္တရာယ်ကို ခံနိုင်ရည်စွမ်းအားမြင့်မားစေရေးတို့တွင် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေနိုင်စေရန်နှင့် ကမ္ဘာ တစ်ဝန်းလုံးရှိ သုတေသန အထောက်အထားများအရ ကျား ၊ မ ရေးရာတန်းတူညီမျှမှုမရှိခြင်းကို လျော့ချနိုင်​ပြီး  ကုန်ထုတ်လုပ်မှု စွမ်းအားနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီခွဲတွင် လွိုင်ကော် မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

အခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်အမျိုးသမီးရေးရာ ကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းဦးတက်ရောက်၍ ယနေ့ ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ကုလသမဂ္ဂမှချမှတ်ပေးသည့် ဆောင်ပုဒ်မှာ “ စဉ်ဆက်မပြတ် တိုးတက်ဖို့ ကျား၊ မ တန်းတူ ညီမျှစို့” ဖြစ်ကြောင်း ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားများ နှင့်အတူ အမျိုးသမီးများက တစ်တပ်တစ်အား ပါဝင်ဆောင်ရွက် ပေးကြ ရန် တိုက်တွန်းလိုကြောင်းစသဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်မှ ပေးပို့သည့် သဝဏ်လွှာအား ကယားပြည်နယ် အမျိုးသမီး ကော်မတီအတွင်းရေးမှူး ပြည်နယ်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့် က ဖတ်ကြားခဲ့သည်။

ယင်းနောက် အမျိုးသမီးများ၏ စွမ်းရည်မြှင့် ပြိုင်ပွဲများဖြစ်သော ပန်းအလှထိုးပြိုင်ပွဲနှင့် အချက်အပြုတ် ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား  ကယားပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူတို့က ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်း သတင်းရသည်။

အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ကယားပြည်နယ် အစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)