မက်မန်းခရိုင်ရုံးတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း( Book Club)စာဖတ်ဝိုင်းကျင်းပ

မက်မန်း ဩဂုတ် ၂၉


မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများစာပေကို ပိုမိုဖတ်ရှုမှု အလေ့အကျင့်ကောင်း ရရှိပြီး အနာဂတ်မျိုးဆက်သစ် လူငယ်များအား စာအုပ်စာစောင်များ ဖတ်ရှုမှုအားကောင်းလာအောင် တည့်မတ်ဖော်ဆောင် ပေးနိုင်စေရန်နှင့် စာပေမှ ရရှိသော အကျိုးကျေးဇူးများ ဖော်ဆောင်တတ်လာစေရန် ရည်ရွယ်၍  ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံပြည်သူများနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) ဦးဆောင်၍ စာရေးဆရာကြီး  လယ်တွင်းသား စောချစ် ရေးသားသည့် “ပန်းလိုချင်၊ အပင်ကို ပျိုးတတ်မှ” စာအုပ် စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က မက်မန်းခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က အဖွင့်အမှာစကားပြောကြားရာတွင် စာဖတ်ဝိုင်း ကျင်းပခြင်းသည် စာပေကိုချစ်မြတ်နိုးပြီး  စာဖတ်သော အလေ့အကျင့်ကောင်းများ ရရှိစေလိုကြောင်း၊ လူ့ပတ်ဝန်းကျင် တိုးတက်ဖို့ရန်နှင့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်အတွက် ဆွေးနွေးကြခြင်းဖြစ် ကြောင်း၊ “ပန်းလိုချင် အပင်ကိုပျိုး တတ်မှ” စာအုပ်မှ ရရှိသော အသိဉာဏ်များကို လက်တွေ့နယ်ပယ်တွင် အသုံး ချပြီး အနာဂတ်မျိုးဆက်သစ် ကလေးငယ်များကို ဘဝမြှင့်တင်ဖို့ရန် လက်တွဲခေါ်ဆောင်ပြီး တွန်းအားပို့ကြ စေလိုကြောင်း၊ စာပေချစ်မြတ်နိုးသူများအသင်း ဒီထက်မက အောင်မြင်ဖို့ရန်နှင့် စာဖတ်သူများ တိုးပွားပြီး ထူးချွန် ထက်မြက်သော လူတော်လူကောင်းများ ပေါ်ထွန်းလာစေဖို့အတွက်  စာပေမှတစ်ဆင့် ကောင်းမွန်မှန်ကန်သော အတွေးအခေါ်နှင့် အယူအဆများကို ရရှိရေးအတွက် ဝိုင်းဝန်ကြိုးပမ်းကြစေ လိုကြောင်း ထည့်သွင်းပြောကြားခဲ့ သည်။ ဆက်လက်ပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးထွန်းလင်းအောင် က စာဖတ်ဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စာပေ၏အကျိုးကျေးဇူးများကို အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးနိုင်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းမှ အသင်းသူ အသင်းသားများနှင့် ဌာနဆိုင်ရာများက စာရေးဆရာ လယ်တွင်းသား စောချစ်၏ “ပန်းလိုချင် အပင်ကိုပျိုးတတ် မှ” စာအုပ်ပါ စာမျက်နှာအလိုက် ဝိုင်းဝန်းဆွေးနွေးကြပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းဥက္ကဋ္ဌက စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခြင်း၏ အားသာ ချက်၊ အားနည်းချက်များကို သုံးသပ်ဆွေးနွေးကာ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်က နိဂုံးချုပ် အမှာစကား ပြောကြား ပြီး စာဖတ်ဝိုင်းဆွေးနွေးခြင်း အခမ်းအနားကို နေ့လယ်(၁၂)နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရသည်။
မက်မန်း(ပြန်/ဆက်)