ဘောလခဲ မတ် ၁၁
ကယားပြည်နယ်၏ဒုတိယခရိုင်မြို့ဖြစ်သော ဘောလခဲမြို့သည် ကျောက်တောင်၊ ကျောက်ကုန်းများ၏ အလယ်ချိုင့်ဝှမ်း တွင်တည်ရှိပြီး အပူရှိန်မြင့်မားသော မြို့တစ်မြို့ဖြင့် ရောက်ဖူးသူတိုင်း သိရှိကြသည်။ ရာသီဥတုအနေအထားအရ မြန်မာနိုင်ငံ၏အပူဆုံးမြို့ဖြစ်သော ရေနံချောင်း၊ချောက်၊ မကွေးတိုင်းဒေသနှင့်ယှဉ်ပြီး စံချိန်တင် မှတ်တမ်းဝင်သော မြို့လည်း ဖြစ်သည်။
ဘောလခဲမြို့နယ်အတွင်း နေထိုင်ကြသော ပြည်သူအများမှာ ရာသီဥတုပူပြင်းခြောက်သွေ့မှုကြောင့် ဆီထွက်သီးနှံ ဖြစ်သည့် နှမ်း၊ဒေသပြောင်းကောက်နှင့် နေကြာသီးနှံပင်များသာ အဓိကစိုက်ပျိုးလျက်ရှိသည်။
ပူပြင်းခြောက်သွေ့မှုကြောင့် နှစ်ရှည်သီးပင်အများစုမှာ မကျီးပင်၊ ဇီးပင်၊ သရက်ပင်များသာ ပေါက်ရောက်စိုက်ပျိုး ထားရှိကြသည်။
၂၀၂၂ခုနစ်အတွင်း ဘောလခဲဒေသတွင် မကျီးသီးခူးဆွတ်ရောင်းဝယ်ရေးလုပ်ငန်းများဖြင့် အဆင်ပြေနေကြပြီး၊ ယခင်နှစ် များတွင် မကျီးသီးစျေးမှာ မျှော်မှန်းထားသော စျေးနှုန်းများ မရရှိခဲ့ပေမဲ့ ယခုနှစ်တွင် အခွန်ပါအသီးကုန်ကြမ်း တစ်ပိဿာ လျှင် (၅၀၀)ကျပ်နှုန်းဖြင့် သဘာဝအလေ့ထပေါက်ရောက်အပင်များအပြင် မိမိခြံဝင်းအတွင်း စိုက်ပျိုးထားရှိသော အပင်များမှအသီးများကို မြို့နေပြည်သူများမှ ခူးဆွတ်ရောင်းချခြင်းဖြင့် အပိုဝင်ငွေများ ကိုယ်စီ ရရှိနေကြပြီဖြစ်သည်။
မကျီးပင်မှ ပုံမှန်ဝင်ငွေရရှိနေပြီဖြစ်၍ စီးပွားဖြင့်စိုက်ပျိုးလုပ်ကိုင်ရန် စီမံကိန်းချအကောင်အထည်ဖော် ဆောင်ရွက်နေသူ များလည်း ရှိနေပြီဖြစ်သည်။
ဘောလခဲမြို့ ကယားပိုင်းရပ်ကွက်နေသူ နှမ်းလုပ်ငန်းရှင်/ တောင်သူဦးကော်ရိုင်းမှ စီးပွားဖြစ် ကျွန်းပင်၊ လျှော်ဖြူပင်များ အပြင် မကျီးပင်ကိုပါ စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်းနှင့် မကျီးပင်တစ်ပင် ဖြစ်ထွန်းအောင်မြင် ပြီးပါက တစ်နှစ်ပျမ်းမျှ ပုံမှန်ဝင်ငွေမှာ (၃၀၀၀၀)ကျပ်မှ (၅၀၀၀၀)ကျပ်ထိ ဝင်ငွေရရှိနိုင်မည်ဖြစ်ကြောင်း ကြားသိရသည်။
မကျီးစတင်စိုက်ပျိုးသူ ဦးကော်ရိုင်း၏ ကိုယ်ပိုင်ယာမြေမှ ဧက(၂၀)အတွင်းတွင် နှစ်ပေပတ်လည်၊ နှစ်ပေအနက်ဖြင့် တစ်ပင်နှင့်တစ်ပင်ကို (၂၄)ပေခြားတစ်ဧကလျှင် အပင်(၁၀၀)ဖြင့်(၆)ဧကကို အပင်(၆၀၀) စံနှုန်းဖြင့် အရှေ့နောက်တန်း ခြားကာ သဘာဝမြေဆီ အသုံးပြုစိုက်ပျိုးပြီး စတင်အကောင်အထည်ဖော် စိုက်ပျိုးနေပြီဖြစ်ကြောင်း နှစ်ရှည်ပင် စိုက်ပျိုးသူ ဦးကော်ရိုင်းထံမှ သိရှိရသည်။
ဇင်မာထွန်း