ချောင်းဦး ဩဂုတ် ၂၉
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် အထောက် အကူဖြစ်စေရန် ရည်ရွယ်၍ လမ်းသွားလမ်းလာပြည်သူများ၊ ခရီးသွားပြည်သူများ၊ စျေးဝယ်သူ စျေးရောင်းချနေသူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်ပိုင်းက ချောင်းဦးမြို့ လူစည်ကားရာနေရာများဖြစ်သော မြို့နယ်ပြန်/ဆက်ရုံးရှေ့၊ စည်ပင်သာယာမြို့မစျေးကြီး ရှေ့နှင့် မြို့မစျေးအတွင်း၊ ယာယီပျံကျစျေးအတွင်း၊ ချောင်းဦးအမြင့် လမ်းဆုံနေရာ၊ မန္တလေးမုံရွာ ကားလမ်းမကြီးနှင့် ချောင်းဦး-ပခုက္ကူလမ်းဆုံနေရာများတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ချောင်းဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်ဦးဆောင်၍ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်သီတာသိမ့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဝင်များ စုစုပေါင်းအင်အား(၃၀)ခန့်မှ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေး အပြင်ထွက်တိုင်း နှာခေါင်းစည်း မဖြစ်မနေတပ်ပြီးမှထွက်ရန်၊ လူစုလူဝေးရှောင်ရှားရန်၊ လက်မကြာခဏဆေးကြောရန် အသိပညာပေးနှိုးဆော်ခဲ့ပြီး နှာခေါင်းစည်း အခုရေ(၁၅၀၀) အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အလားတူ ယမန်နေ့ နံနက်ပိုင်းကလဲ မြို့မိ၊ မြို့ဖများ ပါဝင်သော မြို့ချစ်သူများအဖွဲ့၏ အဖွဲ့ဝင်များက မြို့မစည်ပင် သာယာဈေးရှေ့ရှိ လမ်းသွားလမ်းလာ ပြည်သူများ၊ ဈေးအတွင်း ဈေးရောင်းချနေသော ဈေးသည်များနှင့် ဈေးဝယ်သူများ အား နှာခေါင်းစည်း အခုရေ (၁၀၅၀) ကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ချောင်းဦးမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေး အသိပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်နေသော ပြည်သူသို့ အသိပေးပန်ကြားချက် များအား မြို့အတွင်း အသံချဲ့စက်ဖြင့် ကြေညာပေးခြင်း၊ စည်းကမ်းမလိုက်နာသူ များအား ရှောင်တခင်စစ်ဆေးခြင်းများဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း သိရှိရသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)