အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

လွိုင်ကော်       မတ်   ၁၀ 

အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းကို ထိရောက်စွာ အကောင်အထည် ဖော်ခြင်းဖြင့် နိုင်ငံတော်၏ ဦးစားပေးကဏ္ဍများဖြစ်သည့် ငြိမ်းချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး၊ ထုတ်လုပ်မှု စွမ်းအားမြှင့်တင်ရေး၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေးနှင့် သဘာဝဘေး အန္တရာယ်ကို ခံနိုင်ရည်စွမ်းအားမြင့်မားစေရေးတို့တွင် အကျိုးကျေးဇူးများစွာဖြစ်ထွန်းစေနိုင်ကြောင်း၊ ကမ္ဘာ တစ်ဝန်းလုံးရှိ သုတေသန အထောက်အထားများအရ ကျား၊ မ ရေးရာတန်း တူညီမျှမှု မရှိခြင်းကို လျော့ချနိုင်မည်ဆိုပါက ကုန်ထုတ်လုပ်မှု စွမ်းအားနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေမှာဖြစ်ကြောင်း၊ ယနေ့ကျရောက်သော အပြည်ပြည် ဆိုင်ရာအမျိုးသမီးများနေ့အတွက် ကုလသမဂ္ဂမှချမှတ်ပေးသည့် ဆောင်ပုဒ်မှာ “ စဉ်ဆက်မပြတ်တိုးတက်ဖို့ ကျား၊ မ တန်းတူညီမျှစို့” ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားများနှင့်အတူ အမျိုးသမီးများက တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ကယားပြည်နယ် အမျိုးသမီးကော်မတီဉက္ကဋ္ဌ၊ ကယားပြည်နယ်အစိုးရ အဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးက ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် လွိုင်ကော် မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား၌ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်မှပေးပို့သည့် သဝဏ်လွှာအား ကယားပြည်နယ် အမျိုးသမီး ကော်မတီအတွင်းရေးမှူး ပြည်နယ်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့် က ဖတ်ကြားခဲ့သည်။

ယင်းနောက် အမျိုးသမီးများ၏ စွမ်းရည်မြှင့် ပြိုင်ပွဲများဖြစ်သော ပန်းအလှထိုးပြိုင်ပွဲနှင့် အချက် အပြုတ် ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား  ကယားပြည်နယ်အစိုးရ အဖွဲ့ဝင်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူတို့က ဆုများအသီးသီး ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ် အမျိုးသမီးကော်မတီဉက္ကဋ္ဌ၊ ကယားပြည်နယ် အစိုးရအဖွဲ့ ဝင်လူမှုရေးရာ ဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။

ခရိုင်(ပြန်/ဆက်)