မယ်စဲ့ မတ် ၁၀
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်တိန်းကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ပန်တိန်းကျေးရွာ (၁၀၀၄) နယ်ခြားစောင့်တပ် ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်သန်းက နိုင်ငံသားအားလုံး ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနမှ ပန်းခင်းစီမံချက်အစီအစဉ်ဖြင့် ကျေးရွာပြည်သူများ ထံအရောက် ကွင်းဆင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးခဲ့သဖြင့် ယနေ့ ပြည်သူများလက်ဝယ်သို့ ပေးအပ်နိုင်ခြင်း ဖြစ်ပါကြောင်းနှင့် နောင်တွင် ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် လည်းကောင်း၊ တည်းခိုရာတွင် လည်းကောင်း နိုင်ငံသားကတ် အထောက်အထားတစ်ခုခုကို ပြသမှသာလျှင် အဆင်ပြေချောမွေ့မှာ ဖြစ်သည့်အတွက် စနစ်တကျ ကိုင်ဆောင်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းက နိုင်ငံသားတစ်ဦးချင်းစီ အခွင့်အရေးမဆုံးရှုံးစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်၊ ကျေးရွာများအလိုက် ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားကတ်များကို မိဘပြည်သူများက အကျိုးရှိစွာအသုံးချစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပန်တိန်းကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ် ၇၈ ကတ်၊ (၁၀၀၄) နယ်ခြားစောင့်တပ်အတွက် နိုင်ငံသားစိစစ်ရေးကတ် ၃၁ ကတ်၊ စုစုပေါင်း ၁၀၉ ကတ်နှင့် အိမ်ထောင်စု လူဦးရေ စာရင်း (၅၅) ခုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်သန်းနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး မယ်စဲ့ မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ၁၀၇.၅၅ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့သဖြင့် ရာနှုန်းပြည့်ပြီးမြောက် အောင်မြင်ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)