ဒီးမော့ဆို ဩဂုတ် ၂၉
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ် အတွက် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် တတိယသုံးလပတ်နှင့် စတုတ္ထ သုံးလပတ်အတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစဲရယ်သိန်းအောင်၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်နှင့် ဌာနဆိုင်ရာများ တက်ရောက် ကြကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီး ဦးဘော့စ်ကိုက သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂) နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြား သည်။ ထို့နောက် တက်ရောက်လာကြသော ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက မြို့မရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေ ပေးအပ်ခဲ့သည်။
ဒီးမော့ဆိုမြို့နယ်တွင် သက်ကြီးဘိုးဘွား ၂၂၉ ဦးအတွက် နိုင်ငံတော်မှ တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် စတုတ္ထသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် ၆၈၇၀၀၀၀ ကို ပေးအပ်သွားမည်ဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် တစ်လလျှင် ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေတွင် တတိယသုံးလပတ်အတွက် မိခင်(၁၉၇၁)ဦး၊ ကလေး သူငယ်(၂၀၁၃) ဦး၊ စတုတ္ထ သုံးလပတ်တွင် မိခင် (၂၀၄၅) ဦး၊ ကလေးသူငယ် (၂၁၈၅) ဦး၊ စုစုပေါင်း မိခင်နှင့် ကလေးသူငယ်(၈၂၁၄)ဦးအတွက် ငွေကျပ်သိန်း ၃၆၀ ကျော်အား ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
ရီရယ်(ဒီးမော့ဆို)