မော်လမြိုင်ကျွန်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ

မော်လမြိုင်ကျွန်း၊ ဩဂုတ် ၂၉

မော်လမြိုင်ကျွန်းမြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး  ကို ယမန်နေ့ ညနေက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။

မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေး၊ ကလေးသူငယ် အခွင့် အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး မြို့နယ်လူမှု =ဝန်ထမ်းဦးစီးဌာနမှူး ဒေါ်ရတနာမော်နှင့် မြို့နယ်အဆင့် ကော်မတီ အဖွဲ့ဝင်များ၊ မိတ်ဖက်လူမှု အဖွဲ့အစည်းများနှင့် NGO အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဇင်မင်းဌေးက  နိုင်ငံအတွင်းရှိ ကလေးသူငယ် များသည် နိုင်ငံ၏ ရင်နှစ်သည်းချာကလေးများဖြစ်ပြီး အနာဂတ်နိုင်ငံကို ထုဆစ်ပုံဖော်မည့်သူများ ဖြစ်ရာ၊ ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ရှေးရှု၍ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် အမှာစကား ပြောကြားခဲ့ပြီးနောက် အတွင်း ရေးမှူးက ကလေးသူငယ်ဆိုင်ရာ အခြေခံမူများ၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဖွဲ့စည်းထားရှိမှု အခြေအနေများ နှင့် ဆောင်ရွက် ထားရှိမှုများ၊ မြို့နယ်အတွင်း ကလေးသူငယ်ဆိုင်ရာ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြပါသည်။

ဆက်လက်၍တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များနှင့် လူမှုရေးအသင်း အဖွဲ့ဝင်များက ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အတွင်းရေးမှူးက ဖြည့်စွက်ဆွေးနွေး ပေးကြောင်းသိရှိရသည်။

သီတာအောင်(ပြန်/ဆက်)