ကျောင်းကုန်း ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲတို့ ကိုဗစ်-၁၉ ကာလ စည်းကမ်းနှင့်အညီ ဆန္ဒမဲပေးနိုင်ရေးအတွက် ညှိနှိုင်း ဆွေးနွေးပွဲကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အေးချမ်းသာယာခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က ဆွေးနွေးပွဲပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအုန်းကြိုင်က “ယခုအချိန်ဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့နေတဲ့ ကာလဖြစ်တဲ့အတွက် မဲရုံများတွင် လူစုလူဝေးမဖြစ်စေရန် အဆိုင်းများတိုးချဲ့ကာ စီစဉ် ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခြင်းဖြစ်ကြောင်း” ရှင်းလင်းပြောကြားခဲ့ပြီး အဖွဲ့ဝင် ကော်မရှင်အဖွဲ့ခွဲရုံး ဒုတိယဦးစီးမှူး ဦးအောင်ကိုကိုလတ်က မိမိတို့ရပ်ကွက်/ကျေးရွာမှာရှိသော မဲရုံအကျယ်အဝန်းများ မေးမြန်း ကာ ဆန္ဒမဲပေးမည့်လူဦးရေ အရ လိုအပ်သည်များ ပြင်ဆင်နိုင်ရေးဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသော ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က မိမိတို့ ရပ်ကွက်/ ကျေးရွာတွင်ရှိသော မဲရုံအကျယ်အဝန်း၊ လျှပ်စစ်မီးရရှိမှု ရှိ/မရှိ၊ ခြံစည်းရိုးများ ကာရံထားမှုရှိ/မရှိ နှင့် ဆန္ဒမဲပေးမည့်သူ မစောင့်ဆိုင်းရအောင် မဲလက်မှတ်ထုတ်ပေးမည့် အဆိုင်းများထပ် တိုးဆောင်ရွက်မည့် အခြေအနေများကို ဝိုင်းဝန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)