မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်

မြို့သစ် သြဂုတ် ၂၉

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်မှု ရှိစေရေး ပထမအကြိမ် မဲဆန္ဒရှင်စာရင်းအား ဇူလိုင် ၂၅ ရက်နေ့မှ သြဂုတ် ၇ ရက် အထိ(၁၄)ရက်နှင့် သြဂုတ် ၈  ရက်မှ ၁၄ ရက်အထိ ထပ်တိုး(၇) ရက်ဖြင့် ရပ်ကွက် / ကျေးရွာအုပ်စုများရှိ ကော်မရှင်အဖွဲ့ခွဲရုံးများနှင့် သတ်မှတ်နေရာ အသီးသီး၌ ကပ်ထားကြေညာပြီးဖြစ်ရာ ယမန်နေ့ ညနေပိုင်းအထိ ပုံစံ(၃)ဖြင့် လျှောက်ထားသူ(၁၈၈၂)ဦး၊ ပုံစံ(၄)ဖြင့် ကန့်ကွက်သူ(၁၇၄၄)ဦး၊ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ရန်လျှောက်ထားသူ (၁၀၅၁)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများမှ လျှောက်ထားလာသည့် မဲဆန္ဒရှင်စာရင်း ပုံစံ (၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)တို့အား မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ဝိုင်းဝန်း၍ ပြင်ဆင်ဖြည့်စွက် ပယ်ဖျက်ခြင်းလုပ်ငန်းများနှင့် မဲစာရင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ် မပါရှိသူများအား ဖြည့်တင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ ညနေပိုင်းထိ ပုံစံ(၃)ဖြင့် လျှောက်ထားသူ(၁၈၈၂)ဦး၊ ပုံစံ(၄)ဖြင့် ကန့်ကွက်သူ(၁၇၄၄)ဦး၊ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်သူ (၁၀၅၁) ဦးအား ပြင်ဆင်ဖြည့်စွက် ပယ်ဖျက်ခြင်းများ ဆောင်ရွက်ပေးပြီး  နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ် ဖြည့်တင်းရန်ရှိသူ (၁၂၁၇၆)ဦးရှိသည့်အနက် (၈၄၀၆)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ဖြည့်တင်းဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် မြို့သစ်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူ (၁၃၄၉၅၄) ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)