စေတုတ္တရာမြို့တွင် စိုက်ပျိုးနည်းစနစ်(၄)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် လက်တွေ့စမ်းသပ်စိုက်ပျိုး

စေတုတ္တရာ ဩဂုတ် ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးမှုနည်းပညာ ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ ဒေသခံတောင်သူများအား စိုက်ပျိုးမှုနည်းပညာသစ်များဖြင့် စိုက်ပျိုးနိုင်စေရေး ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ  တောင်သူ ဦးထွန်းအေးကျော်၏ လယ်မြေတွင် ဆင်းသုခ စပါးမျိုး စိုက်ပျိုးနည်းစနစ်(၄)မျိုး ယှဉ်ပြိုင် စမ်းသပ်ကွက် လက်တွေ့ စမ်းသပ်စိုက်ပျိုးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးနည်းစနစ်(၄)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် လက်တွေ့စမ်းသပ်စိုက်ပျိုးခြင်းကို တောင်သူဦးထွန်းအေးကျော်၏ လယ်မြေ(၁)ဧကတွင် ကြဲခင်းစိုက်ပျိုးနည်း၊ အတန်းလိုက်မျိုးစေ့ချစိုက်ပျိုးနည်း၊ ဘောင်ပျိုးစိုက်ပျိုးနည်းနှင့် (SRI) စိုက်ပျိုးနည်း တို့ဖြင့် (၀.၂၅)ဧကစီဖြင့်  ဆင်းသုခ စပါးမျိုး စမ်းသပ်စိုက်ပျိုးခြင်းအား မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြစံနှင့် ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများအား စိုက်ပျိုးရေး နည်းပညာများ၊ မျိုးစေ့ထုတ် စိုက်ပျိုးရေးနည်း စနစ်များ အသိပညာပေးခြင်း၊ မျိုးစေ့ထုတ် စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအား လက်တွေ့ ကွင်းဆင်းပြသ ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။                                                                            

စည်သူလွင်(ပြန်/ဆက်)