လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်တားဆီးရေး ဇာတ်တိုက်လေ့ကျင့်

လွိုင်ကော်  မတ်  ၈

ကယားပြည်နယ်၊ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေး(တောင်ဈေး)တွင် ပူပြင်းခြောက်သွေ့လာပြီး နွေရာသီကို ရောက်ရှိလာပြီဖြစ်၍ အပူချိန်မြင့်တက်လာခြင်းကြောင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်တားဆီးရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ ညနေ ၄ နာရီအချိန်တွင် အဆိုပါဈေး၌ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်မီးသတ်ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမြကြိုင်နှင့် တာဝန်ရှိသူတို့က  ဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်တားဆီးကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ ဆောင်ရွက် ထားရှိမည့် အခြေအနေများ၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက  လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ရှောင်ရှားရမည့် အချက်များနှင့် ဇာတ်တိုက်လေ့ကျင့်မည့် အခြေအနေများနှင့် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်သူမှ ဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး စီမံဆောင်ရွက်ထားရှိမှု တို့ကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ရှင်းလင်းတင်ပြချက်များနှင့် ပတ်သက်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံရေးရာ ဝန်ကြီးဗိုလ်မှူးကြီးမြင့်ဝေနှင့်  ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတို့က မီးဘေးအန္တရာယ် မဖြစ်ပေါ် စေရေးအတွက် ကြိုတင်စီမံဆောင်ရွက်ရမည့်အချက်များ၊ မီးဘေးအန္တရာယ် ကျရောက်လာပါ ကူညီ ကယ်ဆယ်ရေး လုပ်ဆောင်ရမည့် အချက်များအစရှိသည်တို့ကို လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ဈေးအတွင်း မီးဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်မီးငြိမ်းသတ်နိုင်ရေးအတွက် မီးသတ်တပ်ဖွဲ့များနှင့်  စည်ပင်သာယာရေးဝန်ထမ်းများတို့မှ မီးငြိမ်းသတ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်း ကို ဆောင်ရွက်ခဲ့ရာ ပြည်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တက်ရောက်လာကြသူတို့က ကြည့်ရှု့စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရသည်။

ခရိုင်(ပြန်/ဆက်)