ပခုက္ကူ ဩဂုတ် ၂၉
ဧရာဝတီမြစ်ကမ်းပါးပြိုကျ၍ ရွှေ့ပြောင်းရသော အိမ်ထောင်စုများအတွက် အိမ်စတင်ဆောက်လုပ်ရန် စရိတ်နှင့် ရိက္ခာဘိုးငွေ ပေးအပ်ပွဲကို ကွန်းရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
ရှေးဦးစွာ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ အနာဂတ်အလင်းရောင် လူငယ်ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးရဲထွဋ်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဖြစ်စဉ်များအတွက် ကရုဏာလူမှုစည်းလုံးညီညွတ်ရေး အသင်းက ဆောင်ရွက်ပေးမှုဖြင့် အမေရိကန်နိုင်ငံအခြေစိုက် CRS အဖွဲ့အစည်း၏ ထောက်ပံ့ပေးငွေဖြင့် ဆောင်ရွက် ခြင်းဖြစ်ပြီး စနစ်တကျ သုံးစွဲကြရန်နှင့် အိမ်ဆောက်မှုလုပ်ငန်းများ ပြီးစီးပါက ဓာတ်ပုံနှင့်တကွ တင်ပြကြရန် ပြောကြားသည်။ ဆက်လက်၍ ကရုဏာလူမှုစည်းလုံး ညီညွှတ်ရေးအသင်း ပခုက္ကူမြို့နယ် တာဝန်ခံ ဦးသန့်ဇင်ဦးက ထောက်ပံ့ငွေရရှိရေးနှင့် ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကွန်းရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးထွန်းက မိမိတို့အုပ်စု ထိခိုက်ခံစားနေရသော သဘာဝဘေး အန္တရာယ် ဖြစ်စဉ်များအတွက် လှူဒါန်းမှု ဆောင်ရွက်ပေးသော နိုင်ငံတကာမှ အလှူရှင်နှင့် ကရုဏာလူမှု စည်းလုံးညီညွတ်ရေး အသင်းကို ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်၍ ရေလယ်သောင်၊ မြင်းကျွန်း၊ လေးလံကျွန်းကျေးရွာများက ရွှေ့ပြောင်းမိသားစာများအတွက် ငွေကျပ်သိန်း(၈၀)တို့ကို တစ်ဦး ချင်းစီ ပေးအပ်သည်။
အလားတူ ဩဂုတ် ၂၇ ရက်က အနောက်သီရိကျေးရွာ မြစ်ကမ်းပြိုကျမှုကြောင့် ရွှေ့ပြောင်းရသော လူဦးရေ (၃၀၄)ဦးအတွက် ငွေကျပ်(၄၅ဒသမ၆)သိန်းကို ကျေးရွာသို့ သွားရောက်၍ တစ်ဦးချင်းစီ ပေးအပ်ကြောင်း သိရသည်။
ကိုတမာ(ပြန်/ဆက်)