ငါးသိုင်းချောင်း ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ငါးသိုင်းချောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါ ကာကွယ်ရေး လုပ်ငန်းများ ကို ရေကြည်မြို့နယ်နှင့် ငါးသိုင်းချောင်းမြို့ ဌာနဆိုင် ရာများ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ငါးသိုင်းချောင်းမြို့ပေါ်ရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအားလုံးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာ ကွယ်ရေးအတွက် သက်ဆိုင်ရာက ထုတ်ပြန်ထားသော အသိပေးလမ်းညွှန်ချက်၊ ညွှန်ကြားချက်နှင့် တားမြစ်မိန့်များကို အများပြည်သူ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးကြေညာခြင်း၊ နေအိမ်ပြင်ပသို့ထွက်ခွာတိုင်း mask နှာခေါင်းစည်း တပ်ဆင်ဆက်သွယ် သွားလာရေး mask campaign ပြုလုပ်ခြင်း၊ ကျန်းမာရေးအသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက အဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ဂွ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ ရေနံ့သာစစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးစစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ ခရီးဆက်သွယ် သွားလာမှု များအား ကျန်းမာရေး စစ်ဆေးမှုနှင့် လိုအပ်သောအထောက် အထားများ စစ်ဆေးဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိပြီး ငါးသိုင်းချောင်းမြို့ ပြည်သူ့ အားကစားကွင်းရှိ အားကစား ခန်းမတွင် Community Based Facility Quarantine ဖွင့်လှစ်ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက် လျက်ရှိကြောင်းသိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)