ကန်ကြီးထောင့် ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ပြည်သူများ နေအိမ်ပြင်ပထွက်တိုင်း နှာခေါင်းစည်း (Mask)တပ်ဆင်မှုရှိစေရေး အသိပညာ ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက လူစည်ကားရာနေရာများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့် ဦးဆောင်သော ကော်မတီဝင်များနှင့် ပရဟိတအဖွဲ့များမှ လူစည်ကားရာနေရာများဖြစ်သည့် ကန်ကြီးထောင့် မြို့မဈေးနှင့် မြို့အဝင် မာလာကုန်းလမ်းဆုံတို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေးကြေညာခြင်းနှင့် ပြည်သူများ နေအိမ်ပြင်ပထွက်သည့်အခါတိုင်း နှာခေါင်းစည်းများတပ်ဆင်ကြရန် အသိပေး နှိုးဆော်မှုများကို ဆောင်ရွက်ခဲ့ကြပြီး လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေတပ်ဆင်ပေးခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ပြည်သူများ နေအိမ်ပြင်ပ ထွက်တိုင်း Mask တပ်ဆင်မှုရှိစေရေး အသိပညာပေးနှိုးဆော်မှုများကို ဩဂုတ် ၂၇ ရက် မှ ၂၉ ရက်နေ့အထိ ဆောင်ရွက်ခဲ့ပြီး အသိပညာပေးကာလ ပြီးဆုံးသည့် ဩဂုတ် ၃၀ ရက်နေ့မှစ၍ နေအိမ်ပြင်ပထွက်တိုင်း နှာခေါင်းစည်း (Mask)မတပ်ဆင်သူများကို Mask ၃ ခု လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် "ယခုဝယ် ယခုတပ်" စနစ်ဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
နန်းထိုက် (ပြန်/ဆက်)