ရွှေတောင်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများထပ်မံပေးအပ်

ရွှေတောင် သြဂုတ် ၂၉

ပဲခူးတိုင်းတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ကိုဗစ် -၁၉ ရောဂါ ကြိုတင် ကာကွယ်တားဆီးရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ  ဆောင်ရွက်နေစဉ်ကာလ အတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ထပ်မံပေး အပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ရွှေတောင်မြို့နယ် သာသနာ့ဗိမာန်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ပေးအပ်ခဲ့သည်။

အဆိုပါထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက အိမ်ထောင်စုများအား  နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ငွေများကို  ဖြတ်တောက်ခြင်းမပြုဘဲ  ချက်ခြင်းပြန်လည် ဖြန့်ဝေပေးသွားရန် မှာကြားခဲ့ သည်။

ရွှေတောင်မြို့နယ်အတွင်းရှိ ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄၈)ရွာ၊ စုစုပေါင်းရပ်ကွက်၊ ကျေးရွာ အုပ်စု (၅၁) အုပ်စုမှ  အိမ်ထောင်စု (၁၇၄၇၃) ကို တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၃၄၉၄၆၀၀၀၀) ကျပ်ကို  မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များထံ ပေးအပ်ခဲ့ပြီး ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် အိမ်ထောင်စုများသို့ ပြန်လည်ထုတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)