တမူးမြို့တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး အိမ်တိုင်ရာရောက် စနစ်တကျ လိုက်လံစစ်ဆေး ပြင်ဆင်ဆောင်ရွက်

တမူး   သြဂုတ်   ၂၉

တမူးမြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးရာတွင် ကျန်ရှိမှုမရှိစေရေး၊ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှု ရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေး၍ ပြင်ဆင်ဖြည့်စွက်ပေးခြင်း လုပ်ငန်းများကို သြဂုတ်(၂၅) ရက်နေ့မှ စတင်၍ ယနေ့ထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါ်ဆွေသက်အောင်ထံမှသိရှိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တမူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးနေဝင်းနှင့် ကော်မရှင် အဖွဲ့ဝင်များ၊ ရပ်ကျေး ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများမှ Door to Door စနစ်ဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိမှုမရှိစေရေး၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်မှုမရှိစေရေး၊ အချက်အလက်များ မှန်ကန်မှုရှိစေရေးတို့အတွက် အိမ်ထောင်စုများ အလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ပုံစံ(၁၀)တို့ဖြင့် ရပ်ကွက်၊ ကျေးရွာများသို့ သွားရောက်၍ အဖွဲ့များခွဲကာ ကွင်းဆင်း၍ ဆောင်ရွက်ပေးနေကြောင်းသိရှိရသည်

တမူးခရိုင်တွင် ရပ်ကွက်(၁၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၂)အုပ်စု၊ ကျေးရွာ(၆၀)ရွာတွင် ပထမအကြိမ် မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာချက်အရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၇၉၂၅၈)ဦးရှိ​ပြီး မဲရုံ(၇၂)ရုံလျာထား၍ ဆန္ဒမဲ ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)