ဂန့်ဂေါမြို့ ရုံးပေါင်းစုံလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

ဂန့်ဂေါ ဩဂုတ် ၂၉

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော မြို့မရပ်ကွက်ရှိ မြစ်သာမြစ်ရှောင်လမ်းနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးများသို့ ဆက်သွယ် သည့် ရုံးပေါင်းစုံလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ခံ အင်ဂျင်နီယာ ဦးကျော်ကျော်အောင်ထံမှ သိရ သည်။

အဆိုပါလမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေ သိန်း(၁၂၀)ကျပ် တိတိဖြင့် အလျား(၈၂၀)ပေ၊ အနံ(၁၂)ပေနှင့်အမြင့် (၆)လက်မထု ကွန်ကရစ် လမ်းခင်း ခြင်းလုပ်ငန်းကို ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေး အဖွဲ့က တာဝန်ယူဆောက်လုပ်ထားခြင်း ဖြစ်သည်။

“လမ်းပြုပြင်ထားတဲ့အတွက် ရုံးပေါင်းစုံလမ်းကို အသုံးပြုသည့် ပြည်သူများဟာ ယခင်က မိုးရာသီမှာခက်ခက်ခဲခဲသွားလာခဲ့ ရသော်လည်း ယခုအခါမှာ သွားလာရ အဆင်ပြေချောမွေ့သွားပါတယ်” ဟု ဌာန ဆိုင်ရာ ဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါ လမ်းကွန်ကရစ်လမ်း တည်ဆောက်ခြင်းလုပ်ငန်းကို ဇူလိုင်လ ၁ ရက်နေ့မှ စတင် တည်ဆောက် ထားခြင်းဖြစ်ပြီး ယခုအခါမှာတော့ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ထံမှ သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)