ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှားတော သြဂုတ် ၂၉

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ထိန်းချုပ် ကုသနိုင်ရေး အတွက် မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင်က အမှာစကားပြောကြားရာ၌ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ထိန်းချုပ် နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန်လို ကြောင်း၊ အသိပညာပေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားရာဒေသမှ မြို့နယ်အတွင်း ဝင်ရောက်လာမည့် ပြည်သူများ ရှိလာနိုင်သည့်အတွက် Community Based facility Quarantine အဖြစ် ဖွင့်လှစ်ရန် လျာထားသည့် အဆောက် အဦများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်၊ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေအောင်ဝင်းနှင့် ကော်မတီဝင်များက ကြိုတင်ပြင်ဆင်ရမည့် အချက်များ၊ ကြိုတင်ကာကွယ် ရေး အသိပညာပေး လုပ်ငန်းများ၊ Community Based facility Quarantine အဆောက်အဦတွင် လိုအပ် လျက်ရှိသော ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင်က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထွန်းအောင်(ပြန်/ဆက်)