ဇီးကုန်း ဩဂုတ် ၂၈
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့သည့် အခြေခံစားသောက် ကုန်ငါးမျိုးထောက်ပံ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ဩဂုတ် ၂၈ ရက်က ဇီးကုန်း မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၁၅)အုပ်စုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန် ရေး ကော်မတီမှ အဖွဲ့များခွဲ၍ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများ၊ စာရေးများက ဇီးကုန်းမြို့အနောက်ဘက်ခြမ်းရှိ ကန္တလီ၊ တောင်ပို့သာယာ၊ ကဇင်းကြီး၊ သစ်နဖား၊ လေးမျက်နှာ၊ ဇရပ်လှ၊ တယ်ပင်ကန်၊ စပါယ်မျှောင် ကျေးရွာအုပ်စုများသို့လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းနိုင်ဦး ဦးဆောင်သော အဖွဲ့က မြို့အရှေ့ဘက်ခြမ်းရှိ မယင်း၊ ချောင်းကမ်း၊ ဘဲအင်း၊ ဘုရားပျို၊ သပြေစိန်၊ သရက်တစ်ပင်နှင့် အမှတ်(၅) ရပ်ကွက်ရှိ အိမ်ထောင်စုဝင်များသို့လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိသည့် အခြေခံ လူတန်းစားအိမ်ထောင်စု (၄၁၉၀) အတွက် အိမ်ထောင်စုတစ်စုလျှင် ကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်း (၈၃၈၀၀၀၀၀) ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် အခြေခံစားသောက်ကုန်ငါးမျိုး ထောက်ပံ့ရာတွင် အကြောင်းအမျိုးမျိုး ကြောင့် ကျန်ရှိခဲ့သည့် အခြေခံ လူတန်းစား အိမ်ထောင်စု(၁၂၂၄၅)စုကို အိမ်ထောင်စုတစ်စုလျှင် (၂၀၀၀၀)ကျပ်နှုန်းဖြင့် ထောက်ပံ့ပေး လျှက်ရှိပြီး၊ ကျန်ရှိသော အိမ်ထောင်စု(၈၀၅၅)အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီမှအဖွဲ့များခွဲ၍ ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)