လွိုင်ကော် မတ် ၄
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဆရာအတတ်ပညာဦးစီးဌာန၊ ပညာရေးဒီဂရီကောလိပ်မှ ကျင်းပသည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ လုပ်ငန်းခွင်အကြို မူလတန်း ဆရာတတ်ပညာ သင်တန်း PPTT အမှတ်စဉ်(၇/၂၀) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲ အချိန်ကလွိုင်ကော်မြို့ ကယားပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ကယားပြည်နယ်၏ ပညာရေးလုပ်ငန်းစဉ်များကို လက်ဆင့်ကမ်း တာဝန်ယူကြမည့် မျိုးဆက်သစ် ဆရာ၊ ဆရာမများကို ပြုစုပျိုးထောင်ပေးသည့် လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်သည် ပြည်နယ်၏ ပညာရေးလုပ်ငန်းများအတွက် စဉ်ဆက်မပြတ် ဆရာ၊ ဆရာမများကို မွေးထုတ်နိုင်ရေး ဆက်လက် ကြိုးပမ်း ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် အခြေခံပညာကျောင်းများတွင် ဆရာ၊ ကျောင်းသား အချိုး ကောင်းမွန်တိုးတက်ရေးနှင့် ဆရာ၊ ဆရာမများ၏ သင်ကြားမှုအရည်အသွေး ပြည့်ဝစေရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရည်အသွေးပြည့်ဝသော ဆရာ၊ ဆရာမ တစ်ဦးဖြစ်ရန် အသိပညာနှင့် အတတ်ပညာများကို လေ့ကျင့်သင်ကြားပေးပြီးဖြစ်သည့် အတွက် ဆက်လက်ပြီး လုပ်ငန်းခွင်တွင် စဉ်ဆက်မပြတ် အရည်အသွေးတိုးတက်ကောင်းမွန်အောင် သင်ယူလေ့လာရမည် ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်သည့် အချိန်တွင် ကျောင်းသား၊ ကျောင်းသူ၊ ကလေးသူငယ်များကို ပြုစုပျိုးထောင်ပေးရုံသာမက ရပ်ရွာလူထုကိုပါ အသိပညာပေး ဦးဆောင်နိုင်စွမ်းရှိရမည် ဖြစ်ကြောင်း၊ ပညာရေးသာမကဘဲ ကျန်းမာရေး၊ လူမှုရေး၊ ရပ်ရွာဖွံ့ဖြိုး တိုးတက်ရေးမှာလည်း ကျရာအခန်းကဏ္ဍက ပါဝင်ဆောင်ရွက်ပြီး လူထုအကျိုးပြု လုပ်ငန်းများကို တတ်စွမ်းသမျှ ကြိုးစားဆောင်ရွက်ပေးစေလိုကြောင်း၊ ၂၁ရာစုခေတ်တွင် ကမ္ဘာကို ရင်ဘောင်တန်းနိုင်သည့် နိုင်ငံတကာကို မျက်ခြေမပြတ်သော ၂၁ ရာစု ကျွမ်းကျင်မှုစွမ်းရည်များ အပြည့်အဝရရှိနိုင်သည့် ပညာရေးကို အကောင်အထည် ဖော်ရာတွင် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါကြောင်း၊ မိမိတာဝန်ကျရာ ဒေသ၌ တာဝန်ထမ်းဆောင်သည့်အချိန်တွင် ဆရာ ကျင့်ဝတ်၊ ဆရာစည်းကမ်းနှင့်အညီ စံပြဆရာများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်းနှင့် နိုင်ငံ၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သော ပညာရေးကဏ္ဍကို ခိုင်ခံ့မြင့်မားအောင် ဆရာ၊ ဆရာမများအနေဖြင့် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများက သင်တန်းဆင်း ဆရာ၊ ဆရာမ(၅၃)ဦးအား လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ သင်တန်းဆင်းလက်မှတ် များကို ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဆင်း ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးခဲ့ပြီး ဆရာ၊ ဆရာမများ၏ လိုအပ်ချက်များကို ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးခဲ့သည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ပေးမည့် အခြေအနေများကို ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲသို့ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်ဥပဒေချုပ် နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ကျန်းမာရေး ဝန်ကြီးဌာန က ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့် အညီကျင်းပခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)