သံဖြူဇရပ်မြို့နယ်တွင်  မဲဆန္ဒရှင်စာရင်းများမှန်ကန်မှုရှိစေရေး အစည်းအဝေးပြုလုပ်

သံဖြူဇရပ် သြဂုတ် ၂၈

မွန်ပြည်နယ်     သံဖြူဇရပ်မြို့နယ်တွင်     ၂၀၂၀  ပြည့်နှစ်   ပါတီစုံဒီမိုကရေစီ   အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့  နံနက် ၁၁ နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ   မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာဝေအောင်က  ၂၀၂၀ ပြည့်နှစ်  ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံ မဲဆန္ဒရှင် စာရင်းများကို  ပထမအကြိမ်  ကပ်ထား  ကြေညာ ထားပြီးဖြစ်ရာ ၊ ဒုတိယအကြိမ်   မဲစာရင်းကြေညာရာ တွင် မဲဆန္ဒရှင်စာရင်း မှန်ကန်မှုရှိစေရေးအတွက်   မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ  ကော်မတီဝင်များမှ မိမိတို့ကျရာကျေးရွာ/ရပ်ကွက် မဲဆန္ဒရှင်စာရင်းများ၏ အချက်အလက် မှန်ကန်မှုရှိစေရေးကို သြဂုတ် လ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့ထိ  (၃)ရက်တာ စုပေါင်းစစ်ဆေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍   မြို့နယ်ရွေးကောက်ပွဲ    ကော်မရှင်အဖွဲ့ခွဲ    အတွင်းရေးမှူး    ဒေါ်ယဉ်ယဉ်ဝင်းမှ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးအနေဖြင့်   မဲဆန္ဒရှင်များ မဲပေးနိုင်သည်အထိပြုလုပ်ဆောင်ရွက်ထားရှိမှုများကို  ရှင်လင်း ပြောကြားခဲ့ သည်။

အဆိုပါအစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များမှလည်း စိစစ်တွေ့ရှိမှုအပေါ်  ပြန်လည်ပြုပြင်ဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

အေးအေးသီ(ပြန်/ဆက်)